အာဖဂန်နဲ့ အီရတ်က အမေရိကန်တပ်အင်အားကို ၂၅၀၀ အထိ လျှော့ချ 

အာဖဂန်နဲ့ အီရတ်က အမေရိကန်တပ်အင်အားကို ၂၅၀၀ အထိ လျှော့ချ 
Photo - AFP

ဇန်နဝါရီလ ၁၆ ၊ ၂၀၂၁

စစ်ပွဲစတင်ချိန်က စလို့ နှစ်နှစ်ဆယ်နီးပါးမှာ အနိမ့်ဆုံးအဖြစ် အာဖဂန်နစ္စတန်နဲ့ အီရတ်က အမေရိကန်တပ်အင်အားကို ၂၅၀၀ အထိ အသီးသီး လျှော့ချထားပြီဖြစ်ကြောင်း ပင်တဂွန်က သောကြာနေ့မှာ ပြောပါတယ်။ 

၉/၁၁ အပြီး ဒီနှစ်နိုင်ငံမှ ဆင်နွှဲနေတဲ့ စစ်ပွဲတွေ အဆုံးသတ်စေမယ်လို့ ရွေးကောက်ပွဲ ကတိကို ဖြည့်ဆည်းဖို့ ကြိုးစားတဲ့ တာဝန်ထမ်းဆောင်ဆဲ သမ္မတ ထရမ့်က ဇန်နဝါရီ ၁၅ ရက် မကျော်လွန်မှာ အခု နှစ်နိုင်ငံစလုံးက တပ်အင်အားကို လျှော့ချဖို့ အမိန့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ 

နှစ်နိုင်ငံစလုံးမှာ ငြိမ်းချမ်းရေးဆီ ဦးတည်တဲ့ လမ်းကြောင်းဟာ ခုလို စစ်အင်အား လျှော့ချနိုင်လောက်အောင် ဖြစ်နေပြီဖြစ်တာကြောင့်ရယ်၊ အမေရိကန်တပ်တွေနဲ့ ဒီ နှစ်နိုင်ငံက တပ်တွေရဲ့ လုံခြုံရေးကိုလည်း လျှော့ချသွားမှာ မဟုတ်ပါဘူးလို့ ယာယီ ကာကွယ်ရေးဝန်ကြီး ခရစ်မဲလာက ဆိုပါတယ်။ 

“ဒီကနေ့မှာ အမေရိကန်နိုင်ငံဟာ ဆယ်စုနှစ် နှစ်စုစာ စစ်ပွဲ အဆုံးသတ်ဖို့ ပိုနီးလာပါပြီ။ နိုင်ငံရေး တည်ငြိမ်ရေးနဲ့ အမြဲတမ်း အပစ်ရပ်ရေးကို ဖော်ဆောင်နေတဲ့ အာဖဂန်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း ကြိုဆိုပါတယ်”လို့ သူက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ 

တပ်အင်အား ပိုပြီး လျှော့ချဖို့ဟာ အာဖဂန်အစိုးရနဲ့ တာလီဘန်သူပုန်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ တိုးတက်မှုအပေါ်မှာ မူတည်ပါတယ်လို့လည်း မဲလာက ပြောပါတယ်။ 

“ရှေ့ဆက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၁ မျာ အမေရိကန်တပ်အင်အား အားလုံး ရုပ်သိမ်းသွားဖို့ ဆက်လက်စီစဉ်နေပါတယ်”လို့ သူက ဆိုပါတယ်။ 

အီရတ်ရဲ့ အနေအထားနဲ့ ပတ်သက်လို့ အီရတ်လုံခြုံရေးတပ်တွေရဲ့ စွမ်းဆောင်ရည် တိုးမြှင့်လာတာကြောင့် ခုလို လျှော့ချရတာဖြစ်တယ်လို့ မဲလာက ပြောပါတယ်။ ခုလို စစ်အင်အား လျှော့ချပေမယ့် အမေရိကန်ရဲ့ အီရတ်မူဝါဒကတော့ မပြောင်းလဲဘူးလို့ သူက ဖြည့်စွက်ပြောပါတယ်။ 

“အမေရိကန်နဲ့ ညွန့်ပေါင်းတပ်တွေအနေနဲ့ အီရတ်မှာ အိုင်အက်စ်တွေကို အနိုင်ယူပြီးတဲ့အထိ ဆက်ရှိနေမျာ ဖြစ်ပါတယ်။ အီရတ်က မိတ်ဖက်တပ်တွေကို လေကြောင်းတပ်ကူနဲ့ ထောက်လှမ်းရေး အထောက်အပံ့တွေနဲ့အတူ တန်ပြန်အကြမ်းဖက်ဖြိုခွင်းရေး လုပ်ငန်းစဉ်ကိုတော့ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်”လို့ မဲလာက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly