ဖားကန့် မြေပြိုမှု သေဆုံးသူ ၁၁၃ ဦး အထိရှိလာ

ဖားကန့် မြေပြိုမှု သေဆုံးသူ ၁၁၃ ဦး အထိရှိလာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကန်ခါဒေသရှိ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းမှ စွန့်ပစ် မြေစာပုံ ပြိုကျမှုတွင်  နိုဝင်ဘာလ (၂၃)ရက်နေ့ နံနက်(၁၁)နာရီကျော် အချိန်အထိ သေဆုံးသူ ၁၁၃ ဦး ရှိသွားပြီဟု လုံးခင်းနယ်မြေ စခန်းမှူး ရဲအုပ်ထင်ကျော်က ပြောသည်။

ယင်းမြေစာပုံမှာ နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက် (၃)နာရီ အချိန်ဝန်းကျင်တွင် ပြိုကျခဲ့ခြင်း ဖြစ်ပြီး အနီးရှိ ယာယီလူနေတဲများကို ဖုံးလွှမ်းသွားခြင်းကြောင့် ရေမဆေးကျောက် ရှာဖွေရန်  လာရောက် နေထိုင်ကြသူများ ပိမိ သေဆုံးခဲ့ခြင်းဖြစ်သည်။

"ဒီမနက်ပိုင်း (၁၁)နာရီလောက်အထိ ယောက်ျားလေး အလောင်း(၈)လောင်း ထပ်တွေ့ထား ပါတယ်။ မနက် (၇)နာရီခွဲလောက်က ရှာဖွေရေး လုပ်ငန်းတွေ စလုပ် ပါတယ်။ အကုန်လုံး ပြီးစီး သွားရင်တော့ သေမှုသေ ခင်း ဖွင့်သွားမှာပါ"ဟု ရဲအုပ်ထင်ကျော်က ပြောသည်။

အဆိုပါ မြေစာပုံပြိုကျမှုကြောင့် သေဆုံသွားသူများ၏အလောင်းများ ရှာဖွေရာတွင် နိုဝင်ဘာလ (၂၂)ရက်နေ့ ညပိုင်းအချိန်ထိ အမျိုးသားအလောင်း (၁၀၃)လောင်း၊ အမျိုးသမီး အလောင်း (၂)လောင်းတွေ့ရှိခဲ့ပြီး ယနေ့နံ နက်ပိုင်းတွင် အမျိုးသားအလောင်း(၈)လောင်း ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့လည်း အခုသွားနေတယ်။ ကြားသလောက်တော့ ဒီမနက် ဆက်ရှာနေတယ်လို့ သိရပါတယ်။ ဘယ်လောက် ရှာတွေ့သလဲတော့ အတိအကျ မသိသေးဘူးပေါ့နော်။ ထပ်ပြီးတော့ ထွက်လာ နိုင်ပါသေးတယ်။ မနေ့ကတော့ (၂၁)လောင်းလောက် တွေ့တယ်လို့ သိရတယ်လေ"ဟု ဖားကန့်မြို့နယ် ဆိပ်မူရွာမှ ဒေသခံ ဦးရွှေသိန်းက ပြောသည်။

သေဆုံးသူ အလောင်းရှာဖွေရေးကို ဒေသခံအာဏာပိုင်များနှင့်  အဆိုပါ နယ်မြေရှိ စကခ(၇) လက်အောက်ခံ တပ်သားများ၊ ကျောက်စိမ်းတူး ဖေါ်ရေးလုပ်ငန်းရှင်များနှင့် ဒေသခံများက ဆောင်ရွက်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags