မြောက်ကိုရီးယားစစ်ရေးပြပွဲမှာ ရေငုပ်သင်္ဘောကနေပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည်သစ် ထုတ်ဖော်ပြသ 

မြောက်ကိုရီးယားစစ်ရေးပြပွဲမှာ ရေငုပ်သင်္ဘောကနေပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည်သစ် ထုတ်ဖော်ပြသ 
Photo - AFP

ဇန်နဝါရီ ၁၆

ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီမှာပဲ မြောက်ကိုရီးယားက အင်အားပြသတဲ့အနေနဲ့ ဇန်နဝါရီ ၁၄ ရက်ကကျင်းပတဲ့ ပြုံယမ်းစစ်ရေးပြပွဲမှာ  ရေငုပ်သင်္ဘောကနေပစ်လွှတ်ရတဲ့ ပဲ့ထိန်းဒုံးကျည်သစ်တစ်စင်းကို ထုတ်ဖော်ပြသခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက သောကြာနေ့က ဖော်ပြခဲ့ပါတယ်။ 

ခေါင်းဆောင်ကင်ဂျုံအွန်းက အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ အဓိကရန်သူဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့ အလုပ်သမားပါတီကွန်ဂရက်အစည်းအဝေးအပြီးမှာ ခုလို စစ်ရေးပြပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

ကင်ဟာ ကြာသပတေးနေ့ညနေပိုင်းက ခြေလျင်တပ်ဖွဲ့တွေ၊ အမြောက်တပ်တွေ၊ တင့်ကားတွေနဲ့ အစည်းအဝေး ၈ ရက်ကြာအထိမ်းအမှတ်အဖြစ် နံပါတ် ၈ ပုံဖော်ထားတဲ့ တိုက်လေယာဉ်ပျံသန်းမှုတွေကို ကြည့်ရှုခဲ့ပါတယ်။ 

Photo - AFP

ကမ္ဘာ့အင်အားအကောင်းဆုံးလက်နက်ဖြစ်တဲ့ ရေငုပ်သင်္ဘောကနေပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည်ကို  စစ်ရေးပြကွင်းထဲမှာ တစ်ခုပြီးတစ်ခု ပြသနိုင်ခဲ့ပြီး တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အင်အားကို ပြသလိုက်ခြင်းဖြစ်တယ်လို့ KCNA သတင်းဌာနက တင်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အရင်ကလည်း အရွယ်အစားပိုသေးတဲ့ ရေငုပ်သင်္ဘောကပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည် (SLBMs) စမ်းသပ်ပစ်လွှတ်တာကို ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့ပါသေးတယ်။ 

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောမှာ ပဲ့ထိန်းဒုံးကျည်တပ်ဆင်မှုဟာ မဟာဗျူဟာမြောက် ပြောင်းလဲမှုတစ်ခုဖြစ်ပြီး မြောက်ကိုရီးယားအနေနဲ့ အမေရိကန်အနီးကို အံ့အားသင့်ဖွယ်တိုက်ခိုက်မှုတစ်ခုပြုလုပ်နိုင်တာ ဒါမှမဟုတ် မြေပြင်အခြေစိုက်တပ်ဖွဲ့တွေ ဖျက်ဆီးခံရရင်တောင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

နယ်မြေပြင်ပရန်သူများကို အမြစ်ဖြတ်ချေမှုန်းနိုင်တဲ့ စွမ်းအားရှိတဲ့ ဒုံးကျည်တွေကိုလည်း စစ်ရေးပြပွဲမှာ ပြသခဲ့တယ်လို့ KCNA က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အစိုင်အခဲလောင်စာသုံး တာတိုပစ် တိုက်ချင်းပစ်ဒုံးကျည်တွေကိုလည်း ပြသခဲ့ပြီး အဆိုပါ ဒုံးကျည်တွေဟာ ငွေ့ရည်လောင်စာသုံး ဒုံးကျည်တွေထက် ရွှေ့ပြောင်းရလွယ်ကူပါတယ်။

ကွန်ဂရက်အစည်းအဝေးမှာ ကင်က မြောက်ကိုရီးယားဟာ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောအတွက် အစီအစဉ်တွေ ပြီးမြောက်ပြီလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့အသုံးပြုဖို့ကတော့ နှစ်နဲ့ချီပြီ ကြာမြင့်ဦးမယ့်ပုံရှိပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required