အမေရိကန်က တရုတ်စမတ်ဖုန်းကုမ္ပဏီ ရှောင်မီကို နာမည်ပျက်စာရင်းထဲ ထည့်သွင်း

အမေရိကန်က တရုတ်စမတ်ဖုန်းကုမ္ပဏီ ရှောင်မီကို နာမည်ပျက်စာရင်းထဲ ထည့်သွင်း

ဇန်နဝါရီ ၁၅

အမေရိကန်သည် တရုတ်စမတ်ဖုန်းကုမ္ပဏီ ရှောင်မီ (Xiaomi) ကို နာမည်ပျက်စာရင်းတစ်ခုထဲ ထည့်သွင်းလိုက်ပြီး ထိုနာမည်ပျက်စာရင်းသည် တရုတ်ကုမ္ပဏီတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်မည် ဖြစ်သည်။

မကြာမီ ရာထူးမှ ထွက်ခွာရတော့မည့် ‌ဒေါ်နယ်ထရမ့် အစိုးရသည် တရုတ် ကော်ပိုရေးရှင်းဆိုင်ရာ အကျိုးစီးပွားများအပေါ် ဖြိုခွင်းမှုကို အရှိန်မြှင့်တင်ခြင်းအားဖြင့် ပေကျင်းနှင့်အကြား တင်းမာမှုကို တိုးမြင့်ဖြစ်ပေါ်စေခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် တရုတ်စစ်တပ်နှင့် ဆက်သွယ်ချိတ်ဆက်မှုရှိသည် ဆိုသော ကုမ္ပဏီများစာရင်းတွင် ရှောင်မီကို ဇန်နဝါရီ ၁၄ ရက်က ထည့်သွင်းခဲ့သည်။  

ရှောင်မီကို နာမည်ပျက်စာရင်းသွင်းမှုမတိုင်မီကလည်း အမေရိကန်သည် အခြားသော တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော ကမ္ဘာ့ နံပါတ် ၂ စမတ်ဖုန်းထုတ်လုပ်မှုလုပ်ငန်း ဟွာ‌ဝေးအပေါ် ဖြိုခွင်းမှုလုပ်ထားခဲ့ပြီး အမေရိကန်နည်းပညာများ အသုံးပြုခွင့်အပေါ် ကန့်သတ်ထားခဲ့သည်။

တရုတ်၏ ထိပ်တန်း ချစ်ပ်ထုတ်လုပ်မှုလုပ်ငန်းဖြစ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှု နိုင်ငံတကာ ကော်ပိုရေးရှင်းသည်လည်း အမည်ပျက်စာရင်းများတွင် ထည့်သွင်းခံခဲ့ရပြီး အမေရိကန်ပစ္စည်းပေးသွင်းသူများနှင့်အကြား ယင်း၏ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုအပေါ် ကန့်သတ်ခံခဲ့ရသည်။ ထို့ပြင် ထိုတရုတ်ကုမ္ပဏီရှိ ရှယ်ယာများကို ရောင်းချရန် အမေရိကန်ရင်းနှီးမြှုပ်နှံသူများသည်လည်း ဖိအားပေးခံခဲ့ရသည်။

ရှောင်မီသည် ယင်း၏ လုပ်ငန်းကို ကမ္ဘာတစ်ဝန်း၌ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်ကြီးသော ကြိုးပမ်းချက်တစ်ခုကို လုပ်ဆောင်စဉ် ယခုကဲ့သို့ အမည်ပျက်စာရင်းသွင်းခံရမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ရှောင်မီသည် ယမန်နှစ် ဇူလိုင်-စက်တင်ဘာ သုံးလပတ်အတွင်း ထုတ်ကုန်ပစ္စည်းတင်ပို့မှုတွင် ပထမဆုံးအကြိမ်အဖြစ် အက်ပဲလ် ကုမ္ပဏီကို ကျော်ပြီး ကမ္ဘာ့ တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူ ဖြစ်လာခဲ့သည်။ ယင်းသည် ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နည်းပညာလုပ်ငန်းကြီးကို ကမ္ဘာလုံးဆိုင်ရာ ထိပ်ဆုံးသုံးနေရာစာရင်းကနေ ဖယ်ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် အမေရိကန် ဖြိုခွင်းမှုအတွင်း ဟွာ‌ဝေးကုမ္ပဏီ ဆုံးရှုံးထားခဲ့ရသည့် စျေးကွက်‌ဝေစုကို ရယူနိုင်ရန် မျှော်မှန်းပြီး ရှောင်မီသည် ယင်း၏ ပစ္စည်းပေးသွင်းသူများနှင့်အကြား အော်ဒါမှာယူမှုကို တက်ကြွထက်သန်စွာ လုပ်ထားခဲ့သေးသည်။

ရှောင်မီကုမ္ပဏီက ထုတ်ပြန်ရာတွင် ၎င်းတို့ကုမ္ပဏီသည် တရုတ်စစ်တပ်ပိုင်သော သို့မဟုတ် တရုတ်စစ်တပ်ထိန်းချုပ်သော သို့မဟုတ် တရုတ်စစ်တပ်နှင့် ဆက်နွယ်ပတ်သက်နေသော ကုမ္ပဏီ မဟုတ်‌ဟု ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ယင်းသည် အမေရိကန်ဥပ‌ဒေအောက်တွင် တရုတ်စစ်တပ်ကုမ္ပဏီတစ်ခုဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီခဲ့ခြင်းမရှိဟုလည်း ထိုကုမ္ပဏီက ပြောခဲ့သည်။

၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အစောပိုင်းနေ့ရက်များတွင် “တရုတ်၏ အက်ပဲလ်” ဟု အမည်ပြောင်ခေါ်ခံခဲ့ရသော ပေကျင်းအခြေစိုက် ရှောင်မီ စမတ်ဖုန်းကုမ္ပဏီသည် နောက်ပိုင်းတွင် အရည်အသွေးကောင်းမွန်သော စွမ်းဆောင်ရည်များပါသည့် ထုတ်ကုန်များကို တတ်နိုင်သော တန်ဖိုးနှုန်းထားများဖြင့် ကမ်းလှမ်းရောင်းချပြီး နာမည်တစ်ခုကို တည်ဆောက်ထားခဲ့သည်။ ယင်းသည် အိန္ဒိယ ကဲ့သို့ ထွန်းသစ်စ ဟန်းဆက် စျေးကွက်အချို့တွင် ထိပ်ဆုံးနေရာများကို ရယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly