အင်ဒိုနီးရှားမှာ ပြင်းအား ၆.၂ အဆင့်ရှိ မြေငလျင်လှုပ်၊ ၃၄ ဦးထက်မနည်း သေဆုံး  

အင်ဒိုနီးရှားမှာ ပြင်းအား ၆.၂ အဆင့်ရှိ မြေငလျင်လှုပ်၊ ၃၄ ဦးထက်မနည်း သေဆုံး  
Photo - AFP

ဇန်နဝါရီ ၁၅  

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ သောကြာနေ့မနက်အစောပိုင်းက ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၄ ဦးသေဆုံးပြီး ဆေးရုံတစ်ရုံပြိုကျကာ တခြားအဆောက်အအုံများစွာ အကြီးအကျယ်ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ငလျင်ဟာ ဒေသစံတော်ချိန် သောကြာနေ့မနက် ၂ နာရီ ၁၈ မိနစ်က အနောက်ဆူလာဝေစီမြို့တော် မာမူဂျူတောင်ဘက် ၃၆ ကီလိုမီတာ (၂၂ မိုင်) အကွာ၊ အနက် ၁၈ ကီလိုမီတာမှာ ဗဟိုပြုပြီးလှုတ်ခတ်ခဲ့တာဖြစ်ပါတယ်။  

မာမူဂျူမြို့က ဒေသတွင်းလေဆိပ်တစ်ခုလည်း ပျက်စီးသွားခဲ့ပါတယ်။ 

လူဦးရေ ၁၁၀ ၀၀၀ ခန့်နေထိုင်တဲ့ မာမူဂျူမြို့ က ဆေးရုံတစ်ရုံလည်း ပြိုကျခဲ့ပါတယ်။ ဆေးရုံအပျက်အစီးတွေရဲ့ အောက်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေ ပိတ်မိနေလို့ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရပါတယ်။  

ငလျင်ဒဏ်ကြောင့် လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြပါတယ်။ 

လမ်းမတွေလည်း အက်ကွဲကုန်ပြီး အိမ်ပေါင်းများစွာ ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

မိသားစုဝင် ရှစ်ဦးနေထိုင်တဲ့ အိမ်တစ်လုံးလည်း ပြိုကျခဲ့ပြီးဟိုတယ်တစ်လုံးလည်း တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။  

ဒေသခံတွေအနေနဲ့ ငလျင်ဒဏ်ရဲ့ နောက်ဆက်တွဲပြဿနာတွေကို ကြုံရနိုင်ကြောင်းနဲ့ ဆူနာမီလှိုင်းဖြစ်ပေါ်လာခဲ့ပါက အန္တရာယ်မကျအောင် ကမ်းခြေတွေကို ရှောင်ရှားဖို့ ​မိုးလေဝသဌာနက သတိပေးထားပါတယ်။  

"ငလျင်ရဲ့နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ဆူနာမီဖြစ်ပေါ်နိုင်တဲ့အလားအလာရှိပါတယ်။ ဆူနာမီက အရမ်းကို လျင်မြန်တဲ့အတွက် ဖြစ်/ မဖြစ်ကို စောင့်ကြည့်နေလို့ မဖြစ်ပါဘူး" လို့ မိုးလေဝသဌာနအကြီးအကဲ ဒွီကိုရီတာ ကာနာဝါတီက သတိပေးပြောကြားထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required