အာဂျင်တီးနားရွေးကောက်ပွဲ အတိုက်အခံအနိုင်ရ၍ လက်ရှိသမ္မတ ဖာနန်ဒက်ဇ်၏ မျိုးရိုးစဉ်ဆက် အမွေခံနိုင်ငံရေး တစ်ခန်းရပ်

အာဂျင်တီးနားရွေးကောက်ပွဲ အတိုက်အခံအနိုင်ရ၍ လက်ရှိသမ္မတ ဖာနန်ဒက်ဇ်၏ မျိုးရိုးစဉ်ဆက် အမွေခံနိုင်ငံရေး တစ်ခန်းရပ်

ဗျူနို့စ်အေရီး၊ နိုဝင်ဘာ - ၂၃ ။           ။ မျိုးရိုးစဉ်ဆက်နိုင်ငံရေး (political dynasty)ကို တစ်ခန်းရပ်လိုက်သည့် ဒုတိယအကျော့ ရွေးကောက်ပွဲအပြီးတွင် အတိုက်အခံသမ္မတလောင်း မော်ရီစီယို မာခရီမှာ အာဂျင်တီးနား၏ နောက်သမ္မတ ဖြစ်လာတော့မည်ဖြစ်သည်။

‘ကျနော့်ကို ယုံကြည်တဲ့အတွက် ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ ဆုံးဖြတ်ရွေးချယ်လို့ ကျနော် ဒီနေရာမှာ ရှိနေတာပါ’ဟု အောင်ပွဲရမာခရီက ၎င်း၏ မဲဆွယ်ရုံးချုပ်မှ ပြောကြား လိုက်ရာ ထောက်ခံသူလူအုပ်ကြီးက ဟေးခနဲ အော်ဟစ်လိုက်သည်ဟု ဆိုသည်။

‘ဒီနေ့ဟာ သမိုင်းဝင်နေ့တစ်နေ့ပါ။ ပြီးတော့ ခေတ်သစ်စာမျက်နှာ ဖွင့်လှစ်လိုတာလည်း ဖြစ်ပါတယ်’ဟုလည်း ၎င်းက ပြောကြားသည်။

အာဂျင်တီးနားသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ် ဒီ ကာ့ချ်နာ၏ လက်ရွေးစင် ဆက်ခံသူ ဒနိုင်ရယ် ဆီရိုလီက ရှုံးနိမ့်ကြောင်း ဝန်ခံအပြီးတွင် မာခရီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။

မဲ ၉၈ရာခိုင်နှုန်းကျော် ရေတွက်ပြီးချိန်တွင် Let’s Change ညွှန်ပေါင်းအဖွဲ့မှ မာခရီက ၅၁.၄ရာခိုင်နှုန်းကျော် ရရှိနေပြီး ဆီရိုလီကမူ ၄၈.၆ရာခိုင်နှုန်းနီးပါး ရရှိနေသည်ဟု ရွေးကောက်ပွဲ အာဏာပိုင် များက ပြောကြားခဲ့သည်။

၈နှစ်တာ သမ္မတတာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ဒီဇင်ဘာလတွင် ရာထူးမှ ဆင်းပေးရတော့မည့် ဖာန်ဒက်ဇ်အတွက်မူ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံရသည့် တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ သူမ၏ နာမည်ကျော် နိုင်ငံရေးအမွေခွံစနစ်မှာ ကြံ့ကြံ့ခံနိုင်မည်လားဆိုသည်ကို စမ်းသပ်မှုတစ်ခုပင် ဖြစ်သည်။

လက်ဝဲလှုပ်ရှားမှုများ၏ အခန်းကဏ္ဍ ကြီးထွားလာနေသည့် ဒေသကြီးတစ်ခုအတွက် ပါဝါချိန်ခွင်ကို ပြောင်းလဲသွားစေနိုင်သည့် ရွေးကောက်ပွဲတစ်ခုပင်ဖြစ်သည်။

စီးပွားရေးလောကအတွက်လည်း တောင်အမေရိကနိုင်ငံ၏ ကြွေးမြီပြဿနာများကို ကိုင်တွယ်ပုံနှင့် ဝေါစထရိနှင့် ဆက်ဆံရေးကို ပြောင်းလဲပစ်နိုင်သော ကာလကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသည့် ခဏငယ်ပင်ဖြစ်ည်။

ဗျူနို့စ် အေရီးစ်မြို့တော်ဝန်နှင့် ဘိုကာဂျူနီယာ ဘောလုံးကလပ်၏ ဥက္ကဌဟောင်းတစ်ယောက်ဖြစ်သည့် ဗဟိုလကျ်ာ မာခရီ ရွေးကောက်ခံရမှုမှာ အာဂျင်တီးနားအတွက် အပြောင်းအရွေ့ကို အချက်ပြ လိုက်ခြင်းပင် ဖြစ်သည်။ မာခရီမှာ သူ့ကို ဝေါစထရိတွင် ထင်ပေါ်ကျော်ကြားလာစေပြီး အတိုက်အခံများကလည်း ပြင်းပြင်းထန်ထန်ဝေဖန်လာစေခဲ့သည့် မဲဆွယ်ကတိကဝတ်အနေဖြင့် အာဂျင်တီးနား၏ စီးပွားရေးမဟာဗျူဟာကို ပြန်လည် ရေးဆွဲလိုကြောင်း ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က အာင်ပွဲခံမိန့်ခွန်းထဲတွင် မာခရီက အာဂျင်တီးနားတွင် ဆင်းရဲမွဲတမှုကို ပပျောက်အောင် ကြိုးစားမည်ဖြစ်ပြီး စီးပွားရေးလုပ်နည်းလုပ်ဟန်ကိုလည်း ပြောင်လဲပစ်မည်ဟု ကတိပြုခဲ့သည်။

ဖာနန်ဒက်ဇ်မှာ သူမကိုယ်တိုင်က သမ္မတသက်တမ်းနှစ်ဆက်၊ ခင်ပွန်းသည်က ၄နှစ်နှင့် ကွယ်လွန်သူ နက်စတာ ကာ့ချ်နာမှာလည်း အာဂျင်တီးနား၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ရာ သူမ၏ နိုင်ငံရေး အမွေကို လက်ဆင့်ကမ်းရန်အတွက် ဆီရိုလီကို ထောက်ခံကြရန် မဲဆန္ဒရှင်များကို တိုက်တွန်းနေခဲ့သည်။

‘ဒီလို လူမှုရေး၊ စီးပွားရေးတည်ငြိမ်မှုမျိုး၊ တိုးတက်မှုမျိုးနဲ့ အစိုးရတစ်ရပ်ရဲ့ ၁၂နှစ်ခွဲကာလဟာ ကျမတို့နိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး’ဟု သူမက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly