ပိုမိုကောင်းမွန်တဲ့အနာဂတ်မျှော်လင့်ချက်နဲ့ အမေရိကန်ဆီထွက်ခွါဖို့စီစဉ်နေတဲ့ ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းများ 

ပိုမိုကောင်းမွန်တဲ့အနာဂတ်မျှော်လင့်ချက်နဲ့ အမေရိကန်ဆီထွက်ခွါဖို့စီစဉ်နေတဲ့ ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းများ 
Photo - AFP

ဇန်နဝါရီ ၁၅ 

ဟွန်ဒူးရပ်စ်က ရွှေ့ပြောင်းအခြေချသူ ရာပေါင်းများစွာဟာ ဂျိုးဘိုင်ဒင်အစိုးရသစ်လက်ထက်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝကိုရှာဖွေဖို့အတွက် ဂွာတီမာလာနဲ့ မက္ကဆီကိုနိုင်ငံတွေကနေတစ်ဆင့် ကီလိုမီတာထောင်ပေါင်းများစွာ လမ်းလျှောက်ကာ အမေရိကန်နိုင်ငံထဲဝင်ရောက်ဖို့စီစဉ်နေကြပါတယ်။

အယောက် ၃၀၀ ခန့်ပါဝင်တဲ့ ရွှေ့ပြောင်း ကန္တာရခရီးသည် ပထမအုပ်စုဟာ ကြာသပတေးနေ့ အရုဏ်တက်ချိန်က ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဆန်ပီဒရိုဆူလာမြို့ကနေ အနောက်မြောက် ကီလိုမီတာ ၁၀၀ အကွာ (၆၂) မိုင်အကွာရှိ ဂွါတီမာလာနယ်စပ် ကော်ရင်တိုမြို့ဆီ ဦးတည်ထွက်လာခဲ့ကြပါတယ်။ 

အုပ်စုငယ်လိုက် ထွက်လာကြတဲ့ ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းအချို့ဟာ နိုင်ငံအလံတွေ ကိုင်ဆောင်ထားပြီး အများစုက နှာခေါင်းစည်းတွေ တပ်ဆင်ထားကြပါတယ်။

လူမှုမီဒီယာစာမျက်နှာတွေမှာ ဖော်ပြထားချက်တွေအရ ကြာသပတေးနေ့ည သန်းခေါင်ယံကျော်အချိန်မှာ နောက်ထပ် ရွှေ့ပြောင်း ၃ ၀၀၀ လောက်ဟာ ကော်ရင်တိုမြို့ ဒါမှမဟုတ် ကီလိုမီတာ ၂၆၀ အကွာရှိ အဂွာကယ်လီယန်တီ နယ်စပ်မြို့ဆီသွားဖို့ ဆန်ပီဒရိုဆူလာမြို့မှာ စုဝေးမယ်လို့ သိရပါတယ်။ 

ရွှေ့ပြောင်းအခြေချသူတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာက နိုင်ငံအတွင်းကို တိုက်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်း နှစ်ခုဒဏ်တွေခံခဲ့ရတဲ့အပြင် ဆင်းရဲနွမ်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှု ၊ မူးယစ်ဆေးဝါးနဲ့ လူဆိုးဂိုဏ်းအကြမ်းဖက်မှုတွေကြောင့် ထွက်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမေရိကန်အကောက်ခွန်နဲ့ နယ်စပ်အကာအကွယ်ပေးရေးကော်မရှင်နာ မာ့ခ်မော်ဂန်က အချိန်နဲ့ငွေတွေကို အလဟဿမဖြုန်းတီးကြဖို့ ရွှေ့ပြောင်းအုပ်စုကို သတိပေးခဲ့ပါတယ်။

အန္တရာယ်များလှတဲ့ ဒီခရီးဟာ ကိုဗစ်-၁၉ ပျံ့နှံမှုတွေ ဖြစ်စေပြီး ရွှေ့ပြောင်းအုပ်စုအပါအဝင် အမေရိကန်နဲ့ဒေသတွင်းနိုင်ငံတွေက ပြည်သူတွေရဲ့ အသက်နဲ့ ကျန်းမာရေးကို ဘေးသင့်စေနိုင်တယ်လို့ မာ့ခ်မော်ဂန်က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းတစ်ဦးဖြစ်တဲ့ မဲလ်ဗင်ဟာနန်ဒက်ဇ်က “အမေရိကန်မှာ အလုပ်လုပ်ချင်တဲ့အကြောင်းရင်းက အိမ်ငယ်လေးတစ်လုံးဆောက်နိုင်ဖို့နဲ့ အလုပ်ကို ကားလေးနဲ့သွားနိုင်ဖို့ပါ။ ကျွန်တော်လိုအပ်တာ အဲဒါပါပဲ" လို့ ဆိုပါတယ်။

နောက်ထပ် ရွှေ့ပြောင်းတစ်ဦးဖြစ်တဲ့ ရောဘတ်တိုဂါစီယာကလည်း နေရပ်ရွှေ့ပြောင်းချင်ရခြင်းရဲ့အကြောင်းကို ခုလို ရှင်းပြပါတယ်။

"ကျွန်တော်နဲ့အတူ မိန်းမနဲ့ ကလေးနှစ်ယောက်လည်း ပါ,ပါတယ်။ သူတို့အတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ် ရစေချင်လို့ပါ။ ကျွန်တော်နေခဲ့ရသလိုမျိုး သူတို့ကို မနေစေချင်ဘူး။ ဟွန်ဒူးရပ်စ်မှာက အသက်ရှင်နေထိုင်ရတာ အရမ်းခက်ခဲပါတယ်။ နိုင်ငံကတော့ မဆိုးပါဘူး။ အာဏာပိုင်တွေက ဆိုးနေတာပါ" လို့ပြောပါတယ်။ 

အမေရိကန်အစိုးအရအပြောင်းအလဲဟာ တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့ကျန်းမာရေးဆိုင်ရာ အမေရိကန်ရဲ့ ကတိကဝတ်တွေကို သက်ရောက်မှာမဟုတ်ကြောင်းနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို ချိုးဖောက်ပြီး ရွှေ့ပြောင်းအခြေချလူအုပ်ကြီးကို  မြောက်ပိုင်းကို ခရီးဆက်နှင်ခွင့်ပေးမှာမဟုတ်ကြောင်း အမေရိကန်အကောက်ခွန်နဲ့ နယ်စပ်အကာအကွယ်ပေးရေးကော်မရှင်နာ မာ့ခ်မော်ဂန်က သတိပေးပြောဆိုထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly