သမ္မတသစ် ကျမ်းကျိန်ပွဲ ဘေးကင်းလုံခြုံစေဖို့ လုပ်ဆောင်သွားကြရမယ်လို့ မိုက်ပန့်စ် ပြော

သမ္မတသစ် ကျမ်းကျိန်ပွဲ ဘေးကင်းလုံခြုံစေဖို့ လုပ်ဆောင်သွားကြရမယ်လို့ မိုက်ပန့်စ် ပြော
Photo - AFP

ဇန်နဝါရီ ၁၅

သမ္မတသစ် ကျမ်းကျိန်ပွဲ အခမ်းအနားကို ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် လုပ်ဆောင်သွားကြရမယ် ဆိုပြီး အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်က အမျိုးသားအစောင့်တပ်ဖွဲ့နဲ့ တွေ့ဆုံရာမှာ ပြောသွားခဲ့ပါတယ်။

ဝါရှင်တန်ဒီစီရှိ ကက်ပီတယ် ဟေးလ်မှာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစကား‌ပြောရာမှာ မိုက်ပန့်စ်က အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပြီး အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တို့ရဲ့ တာဝန်ထမ်းဆောင်မှုနဲ့ပတ်သက်လို့လည်း ကျေးဇူးတင်ကြောင်း ပြောသွားခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ အမေရိကန်ပြည်သူတွေအတွက် ဘေးကင်းလုံခြုံတဲ့ ကျမ်းကျိန်ပွဲတစ်ခုကို ဆောင်ကြဉ်းပေးသွားကြမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့မှာ သမ္မတသစ်တစ်ဦးနဲ့ ဒုသမ္မတသစ်တစ်ဦးတို့ ကျမ်းကျိန်ကြပါတော့မယ်၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့နိုင်ငံကို ရှေ့ကို ရွေ့အောင် လုပ်သွားကြပါတော့မယ်” လို့ မိုက်ပန့်စ်က ပြောခဲ့ပါတယ်။

“ကျွန်တော်တို့မှာ လျို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့ ရှိတယ်၊ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို ရှိတယ်၊ ဖက်ဒရယ် အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ ရှိတယ်၊ ဒါပေမယ့် ဒီမှာက အမျိုးသားအစောင့်တပ်ဖွဲ့က အဓိက ကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်၊ ကျမ်းကျိန်ပွဲနေ့ မရောက်ခင်မှာ တပ်ဖွဲ့ဝင် အင်အား ၂၀၀၀၀ ကျော် ရှိတယ်၊ ခင်ဗျားတို့ နိုးနိုးကြားကြား ရှိဖို့၊ တပေါင်းတစည်းတည်းရှိတဲ့ အမိန့်ပေးကွပ်ကဲမှု အစီအစဉ်ကို လေးစားကြဖို့နဲ့ ခင်ဗျားတို့ရဲ့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်” လို့လည်း မိုက်ပန့်စ်က ‌ပြောသွားခဲ့ပါတယ်။

ဝါရှင်တန်ဒီစီ အလယ်ဗဟိုမှာတော့ လော့ခ်‌ဒေါင်းချထားပြီး ဂျိုးဘိုင်ဒင် သမ္မတသစ်အဖြစ် ကျမ်းမကျိန်ခင် လုံခြုံရေး စိုးရိမ်ပူပန်မှုတွေ ရှိတာကြောင့် လက်နက်ကိုင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၀၀၀၀ ကျော်တို့ တပ်ဖြန့်စောင့်ကြပ်လျက် ရှိပါတယ်။

ဂျိုးဘိုင်ဒင်ကို ‌ရွေးကောက်ပွဲအနိုင်ရသူအဖြစ် အတည်ပြုမှုအပေါ် ပိတ်ပင်ဖို့ ‌‌ဒေါ်နယ်ထရမ့် လိုလားတဲ့ လူအုပ်က ကွန်ဂရက်လွှတ်တော်ကို ဝင်စီးမှုဖြစ်စဉ်နောက်ပိုင်း အမေရိကန်ရဲ့ မြို့တော်ဟာ “လုံခြုံရေး ခြိမ်းခြောက်မှုတစ်ခု” နဲ့ ရင်ဆိုင်နေခဲ့ရတယ်လို့ ဝါရှင်တန်ရဲဌာနအကြီးအကဲ ရောဘတ် ကွန်တီးက ‌ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required