မွတ်စလင် ဒုက္ခသည်များ နေရပ်ပြန်ရေး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် သုံးပွင့်ဆိုင် ထပ်ဆွေးနွေးမည် 

မွတ်စလင် ဒုက္ခသည်များ နေရပ်ပြန်ရေး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် သုံးပွင့်ဆိုင် ထပ်ဆွေးနွေးမည် 
Photo - AFP

 ဇန်နဝါရီ ၁၄၊ ၂၀၂၁ 

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ (မူရင်း) ဒုက္ခသည်များ နေရပ်ပြန်ရေး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ သုံးပွင့်ဆိုင်ဆွေးနွေးခဲ့မှု တစ်နှစ်နီးပါးအကြာ ဇန်နဝါရီလ ၁၉ ရက်နေ့ ဒါကာမြို့တွင် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ 

အကျိုးရှိမည့် တွေ့ဆုံဆွေးနွေးမှုဖြစ်ရန် မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အေ ကေ အဗ္ဗဒူ မိုမင်က သတင်းထောက်များကို ဇန်နဝါရီလ ၁၃ ရက်နေ့က ပြောကြောင်း The Daily Star သတင်းက ဖော်ပြသည်။ 

ဘင်္ဂလားဒေ့ရှ်က လွှဲပြောင်းလိုသည့် မွတ်စလင် ဒုက္ခသည် ဦးရေ ၈ ဒသမ ၄ သိန်း စာရင်းကို စိစစ်ပေးရန် မြန်မာအစိုးရသို့ လွှဲပြောင်းပေးထားကြောင်း၊ မြန်မာအစိုးရက လူအနည်းငယ်ကိုသာ စိစစ်ခဲ့ပြီး စိစစ်ပြီး ဦးရေမှာ ၄၂,၀၀၀ သာ ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။ 

၁၉၇၈ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တုန်းကကဲ့သို့ မြန်မာက မွတ်စလင် ဒုက္ခသည်များကို ပြန်ခေါ်လိမ့်မည်ဟု အမြဲတမ်း မျှော်လင့်ကြောင်းလည်း ၎င်းက သတင်းထောက်များကို ပြောသည်။ 

COVID-19 ကပ်ရောဂါနှင့် မြန်မာ့ ရွေးကောက်ပွဲများကြောင့် ၂၀၂၀ ပြည့်နှစ်တွင် မွတ်စလင် ဒုက္ခသည်များ နေရပ်ပြန်ပို့နိုင်ခြင်း မရှိခဲ့သောကြောင့် ယခုလအတွင်း နေရပ်ပြန်ပို့ရေး ဆွေးနွေးမှုများစရန် ဘင်္ဂလားဒေ့ရှ် အစိုးရက အရိပ်အမြွက် ပြောဆိုနေခဲ့သည်။ 

ပြီးခဲ့သည့် သုံးနှစ်ကျော်က ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းမှုနှင့် ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည့် မွတ်စလင် ဒုက္ခသည် ၈၀၀,၀၀၀ ကျော် ရှိခဲ့သည်။   

မြန်မာနိုင်ငံသည် မိတ်ဆွေ နိုင်ငံဖြစ်ပြီး ရန်ဘက်နိုင်ငံ မဟုတ်ကြောင်း၊ မြန်မာကို ဆန့်ကျင်ရန် အကြောင်း မရှိကြောင်း၊ ရိုဟင်ဂျာ (မူရင်း) များ လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်သည်ကို မြင်လိုသဖြင့် မြန်မာအနေဖြင့် ၎င်းတို့အတွက် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင် ဖန်တီးပေးရမည် ဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly