ကိုရိုနာဗိုင်းရပ်စ်မူလအစကို စုံစမ်းစစ်ဆေးမယ့် WHO ပညာရှင်အဖွဲ့ ဝူဟန်မြို့သို့ရောက်ရှိ 

ကိုရိုနာဗိုင်းရပ်စ်မူလအစကို စုံစမ်းစစ်ဆေးမယ့် WHO ပညာရှင်အဖွဲ့ ဝူဟန်မြို့သို့ရောက်ရှိ 
Photo - AFP

ဇန်နဝါရီ ၁၄ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့မူလအစကို နိုင်ငံရေးသဘောအရသက်ဝင်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ဇန်နဝါရီ ၁၄ ရက် ကြာသပတေးနေ့မှာ ဝူဟန်မြို့ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

ကျွမ်းကျင်သိပ္ပံရှင် ၁၀ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ လုပ်ငန်းမစတင်မီ ဝူဟန်မြို့မှာ သီတင်းနှစ်ပတ် ကွာရန်တင်း ဝင်ရမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကို  စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာကို ရောဂါကူးစက်စေခဲ့ကာ  နှစ်သန်းနီးပါး သေဆုံးခဲ့ပါတယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြားဌာန CGTN က ထုတ်လွှင့်ချက်မှာတော့ တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စင်္ကာပူကနေရောက်ရှိလာတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဟာ ရောဂါကာကွယ်ရေးဝတ်စုံပြည့် ဝတ်ဆင်ထားကြပါတယ်။ 

တရုတ်နိုင်ငံဟာ တင်းကျပ်တဲ့လော့ဒေါင်း၊ အစုလိုက်အပြုံလိုက် ရောဂါစစ်ဆေးမှုတွေပြုလုပ်ပြီး ကပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် ကြာသပတေးနေ့မှာတော့ နောက်ထပ် ရောဂါကူးစက်ခံရသူ ၁၃၈ ဦးရှိခဲ့ပြီး မတ်လနောက်ပိုင်း တစ်နေ့တာကူးစက်မှုအမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ 

ရောဂါကူးစက်မှုတွေ ပျံ့နှံ့လာတဲ့အတွက် အရှေ့မြောက်ပိုင်းက ဟေလောင်ကျန်း ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ပြည်နယ်အတွင်းက လူပေါင်း ၃၇.၅ သန်းကိုလည်း မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ မှာကြားထားပါတယ်။ 

WHO ပညာရှင်အဖွဲ့ ရောက်လာတဲ့အချိန်မှာပဲ တရုတ်နိုင်ငံမြောက်ပိုင်း ဟယ်ဘေးပြည်နယ်မှာ ကိုဗစ်ကြောင့် လူတစ်ဦးသေဆုံးခဲ့ပါတယ်။ ဒါဟာ ရှစ်လအတွင်းမှာ ပထမဆုံးသေဆုံးမှုဖြစ်ပါတယ်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်တဲ့ Peter Ben Embarek က သူတို့အဖွဲ့ဟာ တရုတ်ရဲ့ကျန်းမာရေးစည်းမျဉ်းတွေအရ ဟိုတယ်ကွာရန်တင်း နှစ်ပတ်ဝင်ရမှာဖြစ်ကြောင်းနဲ့ အဲဒီနောက်မှာတော့ တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ကာ သူတို့သွားလိုတဲ့နေရာအသီးသီးကို သွားရောက်ကြမှာဖြစ်တယ်လို့ ပြောပါတယ်။

ဖြစ်ပျက်ခဲ့တာတွေကိုအပြည့်အဝ နားမလည်နိုင်ခင်အချိန်ထိတော့ ခရီးရှည်ကြီးကို လျှောက်လှမ်းရဦးမှာဖြစ်တယ်လို့ Peter Ben Embarek က သတိပေးပြောကြားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly