အင်ဒိုနီးရှား မြေပြိုမှုမှာ သေဆုံးသူ လူ ၂၁ ဦး ရှိလာပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေနေ 

အင်ဒိုနီးရှား မြေပြိုမှုမှာ သေဆုံးသူ လူ ၂၁ ဦး ရှိလာပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေနေ 
Photo - AFP

ဇန်နဝါရီ ၁၄

အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက မိုးသည်းထန်စွာ ရွာသွန်းလို့  ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ သေဆုံးသူ ၂၁ ဦးအထိ ထပ်တိုးရောက်ရှိလာပြီး အခြား ၁၉ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ ရှင်သန်နိုင်သူတွေ တွေ့နိုင်မလားဆိုပြီး အားသွန်ကြိုးပမ်းနေကြကာ ဗုဒ္ဓဟူးနေ့မှာဆိုရင် ရွံ့နွံတွေကို ဖယ်ရှားရှင်းလင်းပြီး ရှာဖွေရေးတွေ လုပ်ဆောင်နေကြပါတယ်။ 

စနေနေ့ညက အနောက်ဂျာဗားက ဆူမီဒန်ရွာမှာ မြေပြိုမှု ကြုံတာဖြစ်ပြီး နာရီပိုင်းအကြာမှာ ဒုတိယမြောက် မြေပြိုမှု ထပ်ဖြစ်တာကြောင့် အသက်ရှင်နိုင်သူတွေကို တူးဖော်ရှာဖွေနေချိန်မှာပဲ ကယ်ဆယ်ရေးသမားတွေပါ မြေပြိုမှုအောက် ရောက်ခဲ့ရပါတယ်။ 

တနင်္ဂနွေနေ့မှာ သေဆုံးသူက ၁၁ ဦးပဲ ရှိခဲ့ရာကနေ ခုဆို နှစ်ဆနီးပါးအထိ မြင့်တက်လာခဲ့တာပါ။ 

ကလေးငယ် ဒါဇင်ဝက် အပါအဝင် ပျောက်ဆုံးသူ ဒေသခံ ၁၉ ပျောက်ဆုံးနေဆဲ ဖြစ်ပေမယ့် အသက်ရှင်လျက် တွေ့ရှိနိုင်တဲ့ အခွင့်အရေးကတော့ မှေးမှိန်လာပြီလို့ ဘန်ဒန်းကယ်ဆယ်ရေးအေဂျင်စီ ပြောခွင့်ရအမျိုးသမီး စီနီဝူလန်ဒါရီက ပြောပါတယ်။ 

“သူတို့ရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ဖို့ပဲ စတင်လုပ်ဆောင်နေရပါပြီ။”လို့ သူက ဆိုပါတယ်။ 

ရုတ်တရက် မိုးကြီးပြီး ပြင်းထန်စွာ ရွာသွန်းလေ့ ရှိတဲ့ အင်ဒိုနီးရှား ကျွန်းစုအနှံ့မှာ လူအသေအဆုံးများတဲ့ မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေ ပုံမှန်ဆိုသလို ဖြစ်ပွားပေါ်ပေါက်လေ့ ရှိပါတယ်။ 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာလည်း ဘော်နီယိုကျွန်းမှာ မြေပြိုမှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး အစောပိုင်း လအနည်းငယ်မှာ ဆူလာဝေစီမှာ မြေပြိုမှုကြောငါ့် လူဒါဇင်များစွာ သေဆုံးခဲ့ရပြီး ထပ်ဖြစ်တဲ့ မြေပြိုမှုပဲ ဖြစ်ပါတယ်။ 

နိုင်ငံလူဦးရေ တစ်ဝက်နီးပါးဖြစ်တဲ့ ၁၂၅ သန်းဟာ မြေပြိုမှု ဘေးအန္တရာယ် မကင်းတဲ့ ဧရိယာတွေမှာ နေထိုင်နေကြတာဖြစ်တယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအေဂျင်စီက ခန့်မှန်းထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly