ထရမ့်ကို တရားစွဲဆိုဖို့ အောက်လွှတ်တော်မှာ မဲခွဲအတည်ပြု  

ထရမ့်ကို တရားစွဲဆိုဖို့ အောက်လွှတ်တော်မှာ မဲခွဲအတည်ပြု  
Photo - AFP

ဇန်နဝါရီ ၁၄  

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်စီးနင်းမှုကို လှုံ့ဆော်တယ်ဆိုတဲ့ စွဲချက်နဲ့ အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ မဲခွဲအတည်ပြုကာ တရားစွဲဆိုလိုက်တာကြောင့် ထရမ့်ဟာ သမိုင်းတစ်လျှောက် နှစ်ကြိမ် တရားစွဲဆိုခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်လာခဲ့ပါတယ်။  

တရားစွဲဆိုမှု ကြားနာစစ်ဆေးတာကိုတော့ အထက်လွှတ်တော် ဆီးနိတ်မှာ ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပြီး ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုမယ့် ဇန်နဝါရီ ၂၀ ရက် မတိုင်ခင်တော့ ကျင်းပနိုင်မှာမဟုတ်ပါဘူး။  

ထရမ့်အနေနဲ့ ပြစ်မှုထင်ရှားပါက ၂၀၂၄ ခုနှစ်မှာ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်ခံရမှာဖြစ်ပါတယ်။  

ထရမ့်ကို တရားစွဲဆိုဖို့ ဒီမိုကရက်တွေ ကြီးစိုးတဲ့အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၃၂ မဲ ကန့်ကွက်မဲ ၁၉၇ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ထောက်ခံမဲ ပေးတဲ့သူတွေထဲမှာ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်အမတ် ၁၀ ဦးလည်း ပါဝင်ပါတယ်။ 

ဆူပူအုံကြွမှုဖြစ်မှာကို တားဆီးတဲ့အနေနဲ့ လွှတ်တော်နဲ့ အဓိကလမ်းမတွေမှာ အမျိုးသားအစောင့်တပ်ဖွဲ့ကို တပ်ဖြန့်ပြီး လုံခြုံရေးတင်းကျပ်ထားပါတယ်။ 

လွှတ်တော်အဆောက်အအုံအတွင်းမှာကိုပဲ ရိုင်ဖယ်သေတ်တွေကိုင်ဆောင်ထားတဲ့ အစောင့်တပ်သားတွေနဲ့ ပြည့်နှက်လို့နေပါတယ်။  

ထရမ့်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဂျိုးဘိုင်ဒင်မိသားစုကို စုံစမ်းပေးဖို့ ယူကရိန်းသမ္မတကို ဖိအားပေးခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး အာဏာအလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်လွှတ်တော်က တရားစွဲဆိုခဲ့ပါသေးတယ်။ 

 ဒါပေမယ့် ရီပတ်ဘလစ်ကန်တွေထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်ကြောင့် ထရမ့်ဟာ အပြစ်ကနေ လွတ်ကင်းခဲ့ပါတယ်။  

ရွေးကောက်ပွဲမှာ ဘိုင်ဒင်အနိုင်ရခဲ့တာနဲ့ပတ်သက်ပြီး ထရမ့်က မဲမသမာမှုကြောင့်လို့ စွပ်စွဲပြောဆိုခဲ့ကာ သူ့ကိုထောက်ခံသူတွေကို လွှတ်တော်ဆီ ချီတက်အင်အားပြဖို့ လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။  

ဇန်နဝါရီ ၆ ရက်က ထရမ့်ကိုထောက်ခံတဲ့လူအုပ်ကြီးဟာ လွှတ်တော်အဆောက်အအုံအတွင်းအထိ ဝင်ရောက်စီးနင်းခဲ့ပြီး ရဲအရာရှိတစ်ဦး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ရပါတယ်။  

အဆိုပါလူအုပ်ကြီးဟာ လွှတ်တော်အတွင်းက ပရိဘောဂတွေကိုလည်း ဖျက်စီးခဲ့ပြီး အမတ်တွေလည်း ကြောက်လန့်တကြားနဲ့ ပုန်းအောင်းနေခဲ့ရကာ ဘိုင်ဒင်ကို သမ္မတအဖြစ် အတည်ပြုမယ့် ပူးတွဲကွန်ဂရက်အစည်းအဝေးကို အနှောင့်အယှက်ဖြစ်စေခဲ့တာဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly