ထရမ့်အား ဖယ်ရှားရေးတွင် ရီပတ်ဘလီကန်အချို့ပါ ပါလာ 

ထရမ့်အား ဖယ်ရှားရေးတွင် ရီပတ်ဘလီကန်အချို့ပါ ပါလာ 

ဇန်နဝါရီလ ၁၃ ၊ ၂၀၂၁

အမေရိကန်လွှတ်တော်ရေးရာ Capitol အဆောက်အအုံအား ဝင်ရောက်စီးနင်းကြခြင်းနှင့် ပတ်သက်ပြီး အောက်လွှတ်တော်တွင် ဒီမိုကရက်များ၏ သမိုင်းတင်မဲပေးပြီး သမ္မတ ထရမ့်အား ရာထူးမှ ဖယ်ရှားရေး လုပ်ဆောင်ကြတော့ရန် ရှိရာတွင် ရီပတ်ဘလီကန်မှ အနည်းဆုံး အမတ် ငါးဦးပါ ပူးပေါင်းပါဝင်လာသည်။ 

ထရမ့်၏ သမ္မတ သက်တမ်းသည် ရှစ်ရက်တာ ကျန်တော့ချိန်၌ အောက်လွှတ်တော်၌ ရီပတ်ဘလီကန်သမ္မတ ထရမ့်ကို အပြစ်ရှိကြောင်း စွဲဆိုရေး ဗုဒ္ဓဟူးနေ့တွင် မဲပေးကြတော့မည် ဖြစ်သည်။ လူ ငါးဦး သေဆုံးခဲ့ရသော Capitol အဆောက်အအုံအား လူအုပ်က ဝင်ရောက်စီးနင်းမှု မတိုင်မီ ပြီးခဲ့သည့် သီတင်းပတ်က မိန့်ခွန်းပြောရာ၌ ဆူပူအုံကြွမှုဖြစ်အောင် လှုံ့ဆော်ခဲ့သည် စွပ်စွဲချက်ဖြင့် ယခုကဲ့သို့ မဲပေးကြမည် ဖြစ်သည်။ 

ထိုသို့ အောက်လွှတ်တော်တွင် မဲပေးကာ အတည်ပြုနိုင်ပြီးပါက ရီပတ်ဘလီကန်ထိန်းချုပ်ထားဆဲ ဆီးနိတ်၌ စစ်ဆေးကြားနာရမည် ဖြစ်သည်။ သို့သော် ထရမ့််အား ဖယ်ရှားရန် နိုင်ငံရေး ရပ်တည်ချက် ရှိဆဲလားနှင့် လုံလောက်သော အချိန် ရပါမည်လားဆိုခြင်းကမူ မရေမရာ ရှိနေသည်။ 

အမေရိကန် ဖွဲ့စည်းပုံ ပြင်ဆင်ချက် ၂၅ အရ ဒုတိယသမ္မတ မိုက်ပန့်စ်က ထရမ့်အား ဖယ်ရှားရန် မဖျောင်းဖျနိုင်ခဲ့ဘဲ မိုက်ပန့်စ်က ထိုသို့ လုပ်ဆောင်ရန် အင်္ဂါနေ့ ငြင်းဆန်လိုက်ပြီးနောက် ယခုကဲ့သို့ ထရမ့်အား ပြစ်တင်စွဲဆိုရေး မဲပေးရန် ဒီမိုကရက်များက ကြိုးပမ်းလာခြင်းပဲ ဖြစ်သည်။ 

“ခုလို လုပ်ဆောင်ရမှာက ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့ ဖွဲ့စည်းပုံနဲ့ ညီညွတ်မှုတို့မှာ အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်လိမ့်မယ်လို့ ကျွန်တော်တော့ မယုံကြည်ဘူး။”ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ အမျိုးသမီးတစ်ဦးဖြစ်သည့် နန်စီပီလိုစီထံ ရေးသားသည်စာ၌ မိုက်ပန့်စ်က ဆိုထားသည်။ 

ထိုသို့ စာရေးသားပေးပို့ထားသည့် ကြားမှပင် အောက်လွှတ်တော်သည် မိုက်ပန့်စ်က ထရမ့်အား ဖယ်ရှားရေး တိုက်တွန်းသည့် တရားဝင်ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၂၂၃ မဲ၊ ကန့်ကွက်မဲ ၂၀၅ မဲဖြင့် နောက်ဆုံး မဲပေးအတည်ပြုခဲ့သေးသည်။ 

ထိုသို့ ဖြစ်နေသည့်အချိန်မှာပင် ရီပတ်ဘလီကန်မှာ အောက်လွှတ်တော်ခေါင်းဆောင်ပိုင်းမှ အဖွဲ့ဝင်တစ်ဦးအပါအဝင် ရီပတ်ဘလီကန် လေးဦးက ထရမ့်အား အပြစ်ရှိကြောင်း စွဲဆိုရာ၌ မဲပေးမည်ဟု ပြောဆိုလာကြခြင်းကြောင့် ထရမ့်၏ ပါတီအပေါ် ပိုင်စိုးသော ချုပ်ကိုင်ထားနိုင်မှုမှာ လျော့ရဲလာသည့် နောက်ထပ် အရိပ်လက္ခဏများပဲ ဖြစ်တော့သည်။ ထရမ့်အနေဖြင့် ယခု ပြစ်တင်စွဲဆိုခံရမှု ဖြစ်ခဲ့လျှင် အမေရိကန်သမိုင်း၌ ၎င်းမတိုင်ခင်က သမ္မတ တစ်ဦးမှ မကြုံဖူးသော နှစ်ကြိမ်တိုင် ပြစ်တင်စွပ်စွဲခံရခြင်းပဲ ဖြစ်တော့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly