မြေငလျင်

မြေငလျင်

ကမ္ဘာ့မြေကြီးအောက်ရှိ ကျောက်လွှာများ ရုတ်တရက်ကျိုးပြတ်ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသော မြေသားများ ပြင်းထန်စွာတုန်ခါခြင်းကို မြေငလျင်လှုပ်ခြင်း ဟုခေါ်သည်။

ငလျင်လှုပ်ရခြင်း အကြောင်းရင်း

  • မြေအောက်ကျောက်လွှာများလှုပ်ရှားမှု(အဖြစ် အများဆုံး၊ အပြင်းထန်ဆုံး၊ ပျက်စီးဆုံးရှုံးမှု အများဆုံး)
  • မီးတောင်ပေါက်ကွဲခြင်းကြောင့် ကမ္ဘာ့မြေထုချပ်ကြီးများ တစ်ခုနှင့်တစ်ခုတွန်းကန်မှု(သို့) ကျွံကျနိမ့်ဆင်းမှု(ဖျက်ဆီးအား ပြင်ထန်လေ့မရှိ)၊ ဖေါက်ခွဲမှု ကဲ့သို့သော ပေါက်ကွဲအား ပြင်းထန်သည့် လူတို့လုပ်ဆောင်မှု

ငလျင်ရပ်ဝန်းဒေသ

ဟိမဝန္တာတောင်တန်း ငလျင်ရပ်ဝန်းဒေသနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံ ငလျင်ဘေး ဖြစ်ပွားစေသောငလျင် ကြောများမှာ-

  • ကချင်ပြည်နယ်ပူတာအို အနီးမှ စတင်ခဲ့ပြီး ဧရာဝတီ မြစ်ကြောင်း အတိုင်းဆက်ဆင်းလာ၍ စစ်တောင်း မြစ်ဝှမ်းကို ဖြတ်ပြီးနောက် မုတ္တမပင်လယ်ကွေ့အတွင်း  ဝင်ရောက်သွားသည့် စစ်ကိုင်းပြတ်ရွေ့
  • စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝအနီး တောင် မြောက်တန်းလျက် တည်နေသည့် ကဘော်ပြတ်ရွေ့
  • ပြင်ဦးလွင်အနီးမှ စတင်၍ တောင်ကြီးမြို့အနီးတိုင် တောင်မြောက် တန်းလျှက်တည်နေသည့်              ကျောက်ကြမ်းပြတ်ရွေ့
  • ရှမ်းပြည်နယ်မြောက်ပိုင်း အေရှေ့၊ အနောက်တန်းလျက် တည်နေသည့် မိုးမိတ်ပြတ်ရွေ့

ငလျင်ဘေးကိုအလေးထားရမည့်ဒေသများ

 

  • ငလျင်ဘေးအန္တရာယ် ဆိုးဆိုးဝါးဝါးကြုံတွေ့နိုင်သော ဒေသများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ဖြစ်ပါသည်။
  • ငလျင်အရှိန်တုံ့ပြန်ကျရောက်မှုသည် အထပ်နိမ့် များတွင် ပိုမိုများပါသည်။ အုတ်၊ အုတ်ညှပ်၊ ကွန်ကရစ်တို့ဖြင့် ဆောက်လုပ်သော အထပ်နိမ့်အပါအဝင် အဆောက်အဦးအားလုံး ငလျင်ဘေး အန္တရာယ်လျော့ပါးစေရန် ကြိုတင်ပြင်ဆင်ထာားရန် အထူးလိုအပ်ပါသည်။ အထပ်နိမ့်၊ အထပ်မြင့် အဆောက်အဦးများအားလုံး စနစ်တကျ တည်ဆောက်ရန် လိုအပ်ပါသည်။ အထူးအဖြင့် လူဦးရေ ထူထပ်သည့် မြို့တော်ကြီးများသည် ငလျင်ဘေး အန္တရာယ်လျော့ပါးစေရန် ကြိုတင်ပြင်ဆင်ထားရမည့်နေရာဒေသ များဖြစ်ကြပါသည်။

ငလျင်ကြောင့်ဖြစ်သောဆိုးကျိုးများ

  • အဆောက်အဦးများ၊ အခြေခံအဆောက်အဦးများပြိုကျပျက်စီးခြင်းကြောင့် သေကြေပျက်စီးမှု ကြီးမားစေနိုင်ပါသည်။
  • မီးလောင်ခြင်း၊ တာတမံများကျိုးပေါက်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်းတို့ဖြစ်ပေါ်တတ်ပါသည်။
  • ရေလွှမ်းခံရသဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် မိလ္လာစနစ်ထိခိုက်ပျက်ပြားခြင်းကြောင့် ကျန်းမာရေး ထိခိုက်နိုင်သည်။
  • မြေအောက်ရေများ၊ ငလျင်အရှိန်ကြောင့် ရေဖိအား များဖြင့်တက်ပြီး မြေပြင်မှရေများ၊ သဲများပန်းထွက်ခြင်း၊ ရေတွင်းများပျက်စီးခြင်းတို့ ဖြစ်နိုင်ပါသည်။

ဆိုးကျိုးဖြစ်စေသည့်အကြောင်းရင်း

  • ငလျင်အန္တရာယ်ဆိုင်ရာ ကြိုတင် သတင်းအချက် အလက်များမရနိုင်ခြင်း၊ ကြိုတင်မခန့်မှန်းနိုင်ခြင်း။
  • ငလျင်ဖြစ်ပေါ်ရာ နယ်မြေများတွင် လူနေထူထပ်ပြီးအဆောက်အဦးများ သိပ်သည်းစွာ တည်ဆောက်ထားခြင်း။
  • ငလျင်ဒဏ်ကို မခံနိုင်သောအဆောက်အဦးများတွင် နေထိုင်ခြင်း။
  • ငလျင်အန္တရာယ်ဆိုင်ရာ ဗဟုသုတများသိရှိမှု နည်းပါးခြင်း။

ကြိုတင်ကာကွယ်ခြင်း

  • ငလျင်မည်သည့် အချိန်တွင်ဖြစ်မည်က ို ကြိုတင်သိနိုင်စွမ်းမရှိသဖြင့် ဒေသအလိုက် ငလျင်ဒဏ်ခံနိုင် ရည်ရှိမည့် အဆောက်အဦးများ တည်ဆောက်ပါ။
  • ပင်လယ်ဒီလှိုင်း(ဆူနာမီ) ကျရောက်တတ်သည့် နေရာများနှင့် မြေသားမခိုင်မာသည့်နေရာများတွင် အဆောက်အဦးများဆောက်လုပ်ခြင်း မပြုရန်၊
  • ရှေ့ဦးသူနာပြုသေတ္တာများထားရှိပါ။
  • ပြိုကျနိုင်သော သက်တမ်းလွန် အဆောက်အဦးများကို ဖယ်ရှားပါ (သို့) ခိုင်ခန့်အောင် ပြင်ဆင်ပါ။

ငလျင်လှုပ်စဉ်ဆောင်ရွက်ရန်

  • ငလျင်လှုပ်စဉ် စိတ်ကိုတည်ငြိမ်စွာ ထားပြီး ပြိုကျနိုင်သည့် အရာဝတ္ထုများ၊ အဆောက်အဦးများ အနီးမှ အမြန်ဆုံး ရှောင်ရှားပါ၊
  • အိမ်ထဲတွင် ရှိနေပါက ကုတင်၊စားပွဲ ခုံအောက် ဝင်နေပါ၊ ကုတင်၊ စားပွဲများ မရှိလျှင် အဆောက်အဦး၏ အတွင်းနံရံတလျှောက်(သို့) ထောင့်တစ်ခုခုတွင် အကာကွယ်ယူပါ။
  • ငလျင်လှုပ်နေစဉ် အိမ်အပြင် မထွက်ပါနှင့်၊
  • အိပ်ယာထဲရောက်နေပါက ခေါင်းကို ခေါင်းအုံးအောက်မှာ ထားပြီး ကာကွယ်ပါ။
  • အထပ်မြင့်တိုက်တွင် ရှိနေပါက ပြတင်းပေါက်၊ဝရံတာနှင့် ဝေးဝေးနေပါ။
  • မြေညီထပ်တွင်ရှိနေပြီး ဝင်ပေါက်၊ ထွက်ပေါက်နှင့် နီးပါက အဆောက်အဦးအတွင်း မနေဘဲ အပြင်ဘက်သို့ အမြန်ဆုံး ထွက်ခွာရှောင်ရှားပါ။
  • အဆောက်အဦးကို စွန့်ခွာရမည်ဆိုလျှင် ဓါတ်လှေကားအတွင်း ပိတ်မိနိုင်သဖြင့် ရိုးရိုးလှေကားမှသာ ဆင်းပါ၊
  • အိမ်အပြင်ရောက်နေပါက အပြင်မှာမှာပဲဆက်နေပါ၊ အဆောက်အဦး၊ သစ်ပင်၊ မီးတိုင်၊ ဓါတ်ကြိုးများနှင့် ကင်းလွတ်ရာတွင် နေပါ။ မြေပြင်မှာ ဝပ်နေပါ။
  • ကားထဲတွင်ရှိနေပါက ကားကိုအရှိန်လျှော့ပြီး ဘေးကင်းမည့် နေရာကို မောင်းသွားပြီး ရပ်ထားပါ။ ကားထဲမှာပဲနေပါ။
  • ပင်လယ်ကမ်းခြေ၊ မြစ်ကမ်းစပ်တွင် နေထိုင်သူများ ဖြစ်ပါက မြေပြင်တောင်ကုန်းရှိရာနေရာသို့ အမြန်ဆုံးသွားပါ။
  • လျှပ်စစ်ဓါတ်ကြိုးများနှင့် ကွဲရှထိခိုက်နိုင်မည့်အရာများကို သတိထား ရှောင်းရှားပါ။
  • မီးများ ငြိမ်းသတ်ထားပါ။
  • မိသားစုများ တကွဲတပြားဖြစ် သွားနိုင်ပါက ပြန်ဆုံရမည့်နေရာကို ကြိုတင်သတ်မှတ်ထားပါ။

ငလျှင်လှုပ်ပြီးနောက်ဆောင်ရွက်ရန်

  • အင်အားကြီးသည့် ငလျင်လှုပ်ပြီးတိုင်း နောက်ဆက်တွဲ ငလျင်များ လှုပ်တတ်သဖြင့် နောက်ထပ်ငလျင် ဆက်မလှုပ်မီ အဆောက်အဦး အပြင်ဘက်သို့ အမြန်ဆုံး ပြေးထွက်ပါ။
  • ကွင်းပြင်၊ ကွက်လပ်၊ လယ်ကွင်းစသည့် နေရာများတွင် ခေတ္တယာယီနေပါ။
  • ငလျင်လှုပ်ပြီးနောက် အချို့ကမ်းခြေဒေသများတွင် ပင်လယ် ဒီလှိုင်းကြီးများ တက်လာခြင်း၊ ရေကာတာ နှင့် ဆည်များပြိုကျခြင်း၊ တောင်ပြိုကျခြင်းတို့ ကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်တတ်သဖြင့် မြေမြင့်ပိုင်းသို့ ကြိုတင်ရှောင်ရှားပါ။

ဒဏ်ရာရနေသူများ၊ လှောင်ပိတ်မိနေသူများကို ကူညီပြီး ရှေးဦးပြုစုပါ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ မကျန်းမာသူများ၊ ကိုယ်ဝန်ဆောင်များကို ဦးစားပေးကယ်တင်ပါ၊ အပျက်အစီးအောက်တွင် ပိတ်မိနေပါက မီးခြစ်ကို မသုံးပါနှင့်၊ မီးလောင်နိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly