ထရမ့်၏ YouTube ချန်နယ်ကိုဖယ်ရှားရန် နိုင်ငံသားအခွင့်အရေးအဖွဲ့များက Google အား တောင်းဆို  

ထရမ့်၏ YouTube ချန်နယ်ကိုဖယ်ရှားရန် နိုင်ငံသားအခွင့်အရေးအဖွဲ့များက Google အား တောင်းဆို  

ဇန်နဝါရီ ၁၃  

Alphabet Inc. လက်အောက်ရှိ YouTube ကုမ္ပဏီအနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ချန်နယ်ကို မဖယ်ရှားပါက ကြော်ငြာသပိတ်မှောက်ပွဲ ဆင်နွှဲရန် စီစဉ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံသားအခွင့်အရေးအဖွဲ့များက Reuters သတင်းဌာနကို ပြောသည်။  

ပြီးခဲ့သည့် ဇူလိုင်က ဖေ့စ်ဘွတ်ကိုသပိတ်မှောက်ရန် ကြော်ငြာရှင် ၁ ၀၀၀ ကျော်ကို စည်းရုံးခဲ့သော ‘အမြတ်အစွန်းအတွက် အမုန်းတရားရပ်’ လှုပ်ရှားမှုဦးဆောင်သူများအနက်တစ်ဦးဖြစ်သူ Jim Steyer က အဖွဲ့အစည်းများက ထရမ့်၏ YouTube ချန်နယ်ကို ဖြုတ်ချရန် တောင်းဆိုနေကြသည်ဟု ဆိုသည်။ ထရမ့်၏ YouTube ချန်နယ်ကို စာရင်းသွင်းထားသူပေါင်း ၂.၇၆ သန်းခန့်ရှိသည်။ 

YouTube သည် ထရမ့်ပို့စ်တင်ခြင်းကို မတားမြစ်သည့် နောက်ဆုံးသော နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ထရမ့်ထောက်ခံသူများ လွှတ်တော်ကို စီးနင်းပြီးနောက်ပိုင်း Facebook ၊Twitter နှင့် Snap Inc တို့သည် ထရမ့်အကောင့်များကို ပိတ်ခဲ့ကြသည်။ 

ထရမ့်၏ YouTube ချန်နယ်သည် အမေရိကန်ရွေးကောက်ပွဲ မဲခိုးမှုရှိသည်ဟူသော သတင်းအမှားများကို ဆက်လက်ဖြန့်ဖြူးရန် ထရမ့်အား အခွင့်အရေး ဆက်လက်ပေးနေသည်ဟု Steyer က ပြောသည်။ 

နည်းပညာကုမ္ပကြီးက ၎င်းအား ပိတ်ပင်ခြင်းဖြင့် ဆိုးရွားသော အမှားလုပ်ခဲ့သည်ဟု ထရမ့်က သတင်းထောက်များကို ပြောနေသော ဗီဒီယိုအပါအဝင် ဗီဒီယိုပေါင်း ရှစ်ခုကို ထရမ့်၏ YouTube ချန်နယ်၌ ဇန်နဝါရီ ၁၂ ရက်က တင်ခဲ့သည်။ 

YouTube သည် နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုအဖွဲ့များက တောင်းဆိုသော ထရမ့်ချန်နယ်ဖယ်ရှားရေးကို စဉ်းစားလျက်ရှိသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိသေးဟု Steyer က ပြောသည်။  

“YouTube အနေနဲ့ ကျွန်တော်တို့တောင်းဆိုချက်ကို သဘောမတူဘဲ ထရမ့်အကောင့်ကိုဖယ်ရှားဖို့ တခြားပလက်ဖောင်းတွေနဲ့ မပူးပေါင်းဘူးဆိုရင် ကျွန်တော်တို့က ကြော်ငြာရှင်တွေဆီ သွားပြီး YouTube  ကို သပိတ်မှောက်ဖို့ ပြောရပါမယ်” ဟု Steyer   က ဆိုသည်။  

မဟာမိတ်များနှင့်ပူးပေါင်း၍ ထရမ့်အကောင့်ကို ပိတ်ခြင်းဖြင့် အမုန်းတရားပျံ့နှံ့မှုကို တားဆီးရန် ပြတ်ပြတ်သားသားလုပ်ဆောင်ရေး  YouTube အား တောင်းဆိုသွားမည်ဟု လူမည်းတိုးတက်ရေးအဖွဲ့အစည်း (NAACP) ၏ ထုတ်ပြန်ချက်၌လည်း ရေးသားထားသည်။  

NAACP၊ အသရေဖျက်မှုဆန့်ကျင်ရေးအဖွဲ့ (Anti-Defamation League) ၊ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ (Color of Change) နှင့် Steyer ၏ Common Sense Media တို့သည် အမြတ်အစွန်းအတွက် အမုန်းတရားရပ်ကမ်ပိန်းကို ဦးဆောင်ရာတွင် ပါဝင်ခဲ့ကြသူများဖြစ်သည်။ ၎င်းတို့သည် အမုန်းစကားစိုးရိမ်မှုဖြင့် အဓိကကြော်ငြာရှင်များဖြစ်သည့် Verizon Communications နှင့် Unilever တို့အား ဖေ့စ်ဘွတ်တွင် ကြော်ငြာမထည့်သွင်းရန် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ 

ကြီးမားကျယ်ပြန့်သော သပိတ်မှောက်မှုများရှိနေသည့်ကြားက Facebook သည် တတိယသုံးလပတ်တွင် စံချိန်တင်ဝင်ငွေရှိခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း နိုင်ငံသားအခွင့်အရေးဦးဆောင်မှုအတွက် ကဏ္ဍတစ်ခုဖန်တီးမည်ဟု သဘောတူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly