ပင်လယ်ထဲ ပျက်ကျ အင်ဒိုနီးရှားလေယာဉ်မှ ပျံသန်းမှုမှတ်တမ်းတင်စက် Black Box ပထမအလုံးကို ရှာတွေ့ 

ပင်လယ်ထဲ ပျက်ကျ အင်ဒိုနီးရှားလေယာဉ်မှ ပျံသန်းမှုမှတ်တမ်းတင်စက် Black Box ပထမအလုံးကို ရှာတွေ့ 
Photo - AFP

 ဇန်နဝါရီလ ၁၃ ၊ ၂၀၂၁

ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ်မှ ပျံသန်းမှုမှတ်တမ်းစက် Black Box တစ်လုံးကို ရှာဖွေတွေ့ရှိပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောပါတယ်။ 

ဒီအတွက် ခရီးသည် ၆၂ ဦးပါ အဲဒီ လေယာဉ်ဟာ ပင်လယ်ထဲ ဘာကြောင့် ပျက်ကျသွားရသလဲဆိုတာ ရှင်းလင်းနိုင်ဖို့အတွက် အရေးပါတဲ့ သက်သေ တွေ့ရှိချက်တစ်ရပ် ဖြစ်လာနိုင်ပါတယ်။ 

မြို့တော် ဂျကာတာကမ်းလွန်က ပင်လယ်ကြမ်းပြင်ကနေ ရေငုပ်သမားတွေဟာ လေယာဉ်ရဲ့ Black Box ကို တွေ့ရှိဆယ်ယူလာခဲ့တာ ဖြစ်ပြီး လေယာဉ်မှူးခန်း အသံမှတ်တမ်းတင်စက်ကိုလည်း ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ စနေနေ့က Sriwijaya Air လေကြောင်းလိုင်းက Boeing 737-500 လေယာဉ်ဟာ မီတာ ၃၀၀၀ ( ပေ ၁၀၀၀၀) ခန့် အမြင့်ကနေ တစ်မိနစ်တောင် မရှိတဲ့ အချိန်လေးမှာပဲ ဂျာဗားပင်လယ်ထဲ ထိုးဆင်းပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီ လေယာဉ်ဆီက ပျံသန်းမှုမှတ်တမ်းတင်စက် Black Box ကို တွေ့ရှိပြီဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဘူဒီကာယာဆူမာဒီက ရုပ်သံသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ရှာဖွေရေး ဧရိယာတစ်နေရာမှာ အားကောင်းတဲ့ အချက်ပြမှုတွေကို ထောက်လှမ်းသူတွေ ဖမ်းမိပြီး ရေငုပ်သမားတွေဟာ ပင်လယ်အောက် အပျက်အစီးပုံကြားမှာ တစ်နာရီခန့် ရှာဖွေပြီး Black Box ကို ဆယ်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့ ရေတပ်သင်္ဘောတစ်စင်းပေါ် ရောက်ရှိနေတဲ့ အေအက်ဖ်ပီသတင်းထောက်က ပြောပါတယ်။ 

သက်တမ်း ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဒီလေယာဉ်ဟာ ပျံတက်ပြီး လေးမိနစ်အတွင်းမှာပဲ ဘာကြောင့်ပျက်ကျခဲ့ရသလဲဆိုတာကို ခုထိ တာဝန်ရှိသူတွေ မရှင်းနိုင်သေးပါဘူး။ 

လေယာဉ်ရဲ့ အရှိန်နှုန်း၊ အမြင့်၊ ဦးတည်ရာအပြင် ပျံသန်းရေးအမှုထမ်းတွေရဲ့ ပြောစကားတွေကိုပါ သတင်းအချက်အလက် မှတ်တမ်းတင်တဲ့ Black Box က အချက်အလက်တွေကနေ ပျက်ကျရတဲ့ အကြောင်းကို ၉၀ ရာခိုင်နှုန်း ရှင်းလင်းသိရှိစေနိုင်လိမ့်မယ်လို့ လေကြောင်းပညာရှင်တွေက ပြောပါတယ်။ 

အခု Black Box တွေ့တဲ့ အနီးတစ်ဝိုက်မှာ လေယာဉ်မှူးခန်း အသံမှတ်တမ်းတင်စက်ကို တွေ့ရှိလိမ့်မယ်လို့ တာဝန်ရှိသူတွေက ယုံကြည်ထားကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူမာဒီက ပြောခဲ့ပါတယ်။ 

အရှေ့တောင်အာရှ ကျွန်းစုနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ ထောင်ပေါင်းများစွာသော ကျွန်းစုတွေကို ဆက်သွယ်ကူးလူးရာမှာ လေကြောင်းလိုင်းကို အလွန်အမင်း မှီခိုနေရတာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း လူအသေအဆုံးများတဲ့ လေယာဉ်ပျက်ကျမှုတွေနဲ့ ကြုံတွေ့လာရပါတယ်။   

အင်ဒိုနီးရှားရဲ့ လေကြောင်းလိုင်း သမိုင်းမှာ အဆိုးဝါးဆုံးအဖြစ် ၁၉၉၇ ခုနှစ်က လေယာဉ်ပျက်ကျမှုမှာ လူပေါင်း ၂၃၄ ဦးအထိ သေဆုံးခဲ့ရပါတယ်။    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly