ရာထူးမှ ဆင်းပေးရတော့မည့် ထရမ့်က ထိုင်ဝမ်သို့ သံတမန် စေလွှတ်ပြီး တရုတ်ကို အမျက်ဒေါသ ထွက်အောင်လုပ် 

ရာထူးမှ ဆင်းပေးရတော့မည့် ထရမ့်က ထိုင်ဝမ်သို့ သံတမန် စေလွှတ်ပြီး တရုတ်ကို အမျက်ဒေါသ ထွက်အောင်လုပ် 

ဇန်နဝါရီ ၁၂ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် တာဝန်ထမ်းဆောင်မှု နောက်ဆုံး သီတင်းပတ်တစ်ခုကို ရောက်ရှိနေချိန် အမေရိကန်သံတမန်တစ်ဦးကို ထိုင်ဝမ်သို့ စေလွှတ်သွားတော့မည်ဖြစ်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က ပေကျင်းထံမှ ကန့်ကွက်မှုများ ရှိနေသည့်ကြားက ဝါရှင်တန်သည် ထိုင်ဝမ်ကျွန်းနှင့် သံတမန်ရေးဆိုင်ရာ အဆက်အသွယ်များအပေါ် ယင်းဘာသာ ပြဋ္ဌာန်းထားခဲ့သည့် ကန့်သတ်ချက်များကို ရုပ်သိမ်းခဲ့သည်။ 

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ကယ်လီ ခရက်ဖ်သည် သုံးရက်တာ ခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၃ ရက်တွင် ထိုင်ဝမ်သို့ ရောက်ရှိမည်ဖြစ်သည်။ ၎င်းသည် ဇန်နဝါရီ ၁၄ ရက်မနက်ပိုင်းတွင် ထိုင်ဝမ်သမ္မတ ဆိုင်ယင်ဝမ်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ ခရက်ဖ်သည် နှစ်ဘက်အကြား ပိုမိုအားကောင်းသော ဆက်ဆံရေးကို ထုတ်ဖော်ပြသရင်းနှင့် တစ်ချိန်တည်းမှာပင် နိုင်ငံတကာ အဖွဲ့အစည်းများတွင် ထိုင်ဝမ်၏ ပါဝင်မှုနှင့်ပတ်သက်၍ ဆွေးနွေးသွားဖွယ် ရှိသည်။ 

၀ါရှင်တန်နှင့် တိုင်ပေအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရေး မျှော်လင့်စောင့်စားနေပါကြောင်း ထိုင်ဝမ်သမ္မတရုံးက ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်သံတမန်များနှင့် ၎င်းတို့နှင့် အဆင့်တူသည့် ထိုင်ဝမ်ဘက်မှ အရာရှိကြီးများအကြား ဆက်သွယ်တွေ့ဆုံမှုကို စည်းမျဉ်းဖြင့် ထိန်းညှိထားခဲ့သည့် ဆယ်စုနှစ်များကြာ ကန့်သတ်ချက်များကို ဝါရှင်တန်ဘက်က စွန့်လွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးက ဇန်နဝါရီ ၉ ရက်က ပြောခဲ့သည်။ 

သူမ၏ ခရီးစဉ်အတွင်း ခရက်ဖ်သည် တိုင်ပေမြို့ရှိ ဒစ်ပလိုမေစီနှင့် နိုင်ငံတကာရေးရာ အင်စတီကျူ့၌ ထိုင်ဝမ်၏ နိုင်ငံတကာဆိုင်ရာ ပါဝင်မှုနှင့်ပတ်သက်ပြီး မိန့်ခွန်းတစ်ခု ပြောကြားမည်ဖြစ်သည်။ 

ထိုင်ဝမ်ကို ကုလသမဂ္ဂတွင် အပြည့်အဝ ပါဝင်ခွင့်ပြုသင့်ကြောင်း အမေရိကန်သံအမတ်က စက်တင်ဘာလက တွစ်တာတွင် ရေးသားပြောဆိုထားခဲ့သည်။ 

“ဒါက ကောင်းကျိုးအတွက် လုပ်ဆောင်တဲ့ စွမ်းအားတစ်ခု ဖြစ်ပါတယ်၊ ထိုင်ဝမ်ရဲ့ အပြည့်အဝ ပါဝင်မှု မရှိတဲ့ ကုလသမဂ္ဂဟာ ကမ္ဘာကြီးကို လိမ်လည်လှည့်စားနေပါတယ်” ဟု သူမက ရေးသားခဲ့သည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံရေး-စစ်ရေး ဆိုင်ရာ လက်ထောက်ဝန်ကြီး ကလာ့ခ် ကူးပါးသည် တနင်္လာနေ့တွင် ဝါရှင်တန်၌ တိုင်ပေ စီးပွားရေးနှင့် ယဉ်ကျေးမှု ကိုယ်စားလှယ်ရုံးမှ အရာရှိတစ်ဦးနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကြုံတောင့်ကြံုခဲ လုပ်ဆောင်မှုအဖြစ် ထိုအခမ်းအနားကို အများပြည်သူဆိုင်ရာ အစီအစဉ်ထဲတွင် ထည့်ထားပြီး ထိုကဲ့သို့သော ပုဂ္ဂလိက ဆွေးနွေးပြောဆိုမှုမျိုးကို အချိန်မတိုင်မီ စောစီးစွာ ထုတ်ဖော်ထားသည်။ ကူးပါးသည်လည်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထိုင်ဝမ်နှင့်အကြား နိုင်ငံရေး-စစ်ရေး ဆွေးနွေးမှုတစ်ခုတွင် အဖွင့်အမှာစကား ပြောဆိုခဲ့သည်။ 

အမေရိကန်သည် မကြာသေးခင်ကာလအတွင်း ထိုင်ဝမ်နှင့် ဟောင်ကောင်အပေါ် တရုတ်တို့ဘက်က အတင်းအဓမ္မ နည်းလမ်းများ အသုံးပြုခဲ့မှုအပေါ် ပြစ်တင်ထားခဲ့ပြီး တိုင်ပေနှင့် ပိုမိုအားကောင်းစွာ ဆက်ဆံရင်း ပေကျင်းအပေါ် ဖိအားများ တိုးမြှင့်ပေးရန် မျှော်လင့်နေသည်။ 

၁၉၇၂ ခုနှစ် သမ္မတဟောင်း ရစ်ချတ် နစ်ဆင်၏ တရုတ်သို့ သွားသည့် ပထမဆုံးခရီးစဉ်နောက်ပိုင်း အမေရိကန်သည် တရားဝင်ကြေညာချက်သုံးခု ဆိုသည့် လူသိများသော စာရွက်စာတမ်းများအပေါ် အခြေပြုလျက် တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်အပေါ်တွင် ယင်း၏ သဘောထားရပ်တည်ချက်ကို ဂရုတစိုက် ဟန်ချက်ညီအောင် ထိန်းထားခဲ့သည်။ 

တရုတ် တစ်နိုင်ငံသာ ရှိပြီး ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းကို ထိုင်ဝမ်ရေလက်ကြား၏ နှစ်ဘက်စလုံးမှ တရုတ်များအားလုံးက ခံယူသည်ဆိုသည်ကို “အသိအမှတ်ပြု” ပြီး “စောဒကမတက်” ဟု အမေရိကန်က ၁၉၇၂ ခုနှစ် ပထမ ကြေညာချက်တွင် ပြောခဲ့သည်။ 

တရုတ်နှင့် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်မှု အခါသမယတွင် လက်မှတ်ထိုးခဲ့သည့် ၁၉၇၉ ခုနှစ် ဒုတိယ ကြေညာချက်ထဲတွင် ပေကျင်းအစိုးရသည် တစ်ခုတည်းသော တရားဝင် တရုတ်အစိုးရဖြစ်သည်ကို အသိအမှတ်ပြုကြောင်း အမေရိကန်က ကြေညာခဲ့သည်။ သို့သော် အမေရိကန်ပြည်သူများသည် ထိုင်ဝမ်ပြည်သူများနှင့်အကြား ယဉ်ကျေးမှု၊ ကုန်သွယ်မှုနှင့် အခြား အလွတ်သဘော ဆက်ဆံမှုများကို ထိန်းသိမ်းထားမည်ဟု ယင်းက ပြောခဲ့သည်။ 

၁၉၈၂ ခုနှစ်တတိယ ကြေညာချက်တွင် အမေရိကန်က ယင်းအနေဖြင့် “တရုတ် နှစ်နိုင်ငံ” သို့မဟုတ် “တရုတ်တစ်နိုင်ငံ၊ ထိုင်ဝမ် တစ်နိုင်ငံ” ဆိုသည့် မူဝါဒတစ်ခုကို လက်ကိုင်ပြုရန် ရည်ရွယ်ချက် မရှိကြောင်း ထုတ်ပြန်ခဲ့သည်။ 

အမေရိကန်နိုင်ငံခြားဝန်ကြီး ပွန်ပဲယိုး ကြေညာခဲ့သော မူဝါဒသစ်များက အထက်ပါ ကာလကြာ ထိန်းသိမ်းထားခဲ့သော အမေရိကန်၏ကတိကဝတ်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တရုတ်တို့ဘက်က ပြစ်တင်ဝေဖန်လျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly