ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ  လက်နက်ကိုင်ဆန္ဒပြမှုများရှိနိုင်ကြောင်း FBI သတိပေး 

ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ  လက်နက်ကိုင်ဆန္ဒပြမှုများရှိနိုင်ကြောင်း FBI သတိပေး 

ဇန်နဝါရီ ၁၂  

အမေရိကန်၌ ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပမည့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ ဝါရှင်တန်နှင့် ပြည်နယ် ၅၀ ၌ လက်နက်ကိုင်ဆန္ဒပြမှု အစီအစဉ်များ ရှိနေကြောင်း အမေရိကန်အထူးစုံစမ်းစစ်ဆေးရေးဗျူရို (FBI) က တနင်္လာနေ့တွင် သတိပေးပြောကြားခဲ့သည်။  

ဇန်နဝါရီ ၆ ရက်က လွှတ်တော်စီးနင်းမှုဖြစ်ပွားအပြီး ထရမ့်ထောက်ခံသူများက ပိုမိုအကြမ်းဖက်သောနည်းများဖြင့် ခြိမ်းခြောက်လာမှုများရှိနေသောကြောင့် အနည်းဆုံး ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ လာမည့်ရက်သတ္တပတ်အတွက် FBI က သတိပေးချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။  

အမေရိကန်လွှတ်တော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဝါရှင်တန်သို့ တပ်ဖွဲ့အင်အား ၁၅ ၀၀၀ စေလွှတ်ရန် အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့ကို ညွှန်ကြားထားပြီး ဇန်နဝါရီ ၂၄ ရက် မတိုင်မီအထိ ဝါရှင်တန်အထိမ်းအမှတ်အဆောက်အအုံသို့ ဧည့်သည်လည်ပတ်ခြင်းကို တားမြစ်ထားသည်။ 

အမျိုးသားလုံခြုံရေးဗျူရိုအကြီးအကဲ ဗိုလ်ချုပ်ကြီး Daniel Hokanson က လုံခြုံရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးများကိစ္စများကူညီရန်အတွက် စနေနေ့တွင် ဝါရှင်တန်၌ တပ်ဖွဲ့အင်အား ၁၀ ၀၀၀ ခန့် စေလွှတ်သွားမည်ဖြစ်ကြောင်းနှင့် ဒေသအာဏာပိုင်များတောင်းဆိုလာပါက အင်အား ၁၅ ၀၀၀ ခန့်အထိ တိုးချဲ့သွားမည်ဟု သတင်းထောက်များကို ပြောသည်။  

ဘိုင်ဒင်က “ အပြင်ဘက်မှာ ကျမ်းသစ္စာကျိန်ဆိုဖို့ မကြောက်ပါဘူး။ ဒါပေမယ့် ဆူပူအုံကြွအောင်လှုံ့ဆော်တာ၊ ပြည်သူတွေရဲ့ အသက်ကို ခြိမ်းခြောက်တာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာနဲ့ ကြီးမားတဲ့ အပျက်အစီးတွေကို ဖြစ်ပေါ်စေတဲ့လူတွေကို အရေးယူဖို့က အင်မတန် အရေးကြီးပါတယ်” ဟု ဒယ်လာဝဲလ်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။  

ဇန်နဝါရီ ၂၀ ၌ကျင်းပမည့် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ၏ အဓိကအကြောင်းအရာမှာ ‘American United’ ဖြစ်ကြောင်း ဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုရေးဆိုင်ရာ ကော်မတီအဖွဲ့က ပြောသည်။  

မဲမသမာမှုများရှိကြောင်း မှားယွင်းသော စွပ်စွဲချက်များဖြင့် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ပစ်ရန်ကြိုးစားခဲ့သူ ထရမ့်က အဆိုပါ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly