၂၀၁၆မြန်မာနေရှင်နယ်လိဂ် ကစားသမားအပြောင်းအရွှေ့ဈေးကွက်ကို နိုဝင်ဘာ၁ရက်ကစတင်ခဲ့ပြီး ဇန်နဝါရီ ၈ရက်အထိဖွင့်လှစ်ထားရှိရန် မြန်မာနေရှင်နယ်လိဂ်ကော်မတီက စီစဉ်ထားသည်။
၂၀၁၆ခုနှစ်တွင် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်သော ကြောင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ရှေ့တိုးကျင်းပမည်ဖြစ်သောကြောင့် အပြောင်းအရွှေ့ ဈေးကွက်ကို လည်းစောဖွင့်ထားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင်အပြောင်းအရွှေ့ဈေးကွက်အတွင်း၌ ထိပ်သီးအသင်းများ ဖြစ်သော ရန်ကုန်၊ ရတနာပုံ၊ ဇေယျာရွှေမြေ၊ ကမ္ဘောဇစသည့်အသင်းများသာ ကစားသမားအပြောင်းအရွှေ့များ ပြုလုပ်နေပြီး ကျန်အသင်းများမှာမူ လှုပ်ရှားမှုမရှိသေးပေ။
၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် နည်းပြသစ်အဖြစ် မနောမြေနည်းပြဟောင်း ဘရာဇီးလူမျိုး အီမာဆင်ကို ခန့်အပ်ခဲ့သလို ဘရာဇီးတိုက်စစ်မှူး ဒေါ့စ်ဆန်းတိုးစ် ကိုလည်း တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူထားသည်။
ရတနာပုံအသင်းမှာ မန္တလေးအကယ်ဒမီမှ မြန်မာယူ-၁၉အသင်းခေါင်းဆောင် ရဲရင့်အောင်၊ ကမ္ဘောဇနောက်ခံလူ သိန်းသန်းဝင်း၊ ဟံသာဝတီဂိုးသမား ရန်အောင်လင်း တို့ကို ခေါ်ယူထားသည်။
ဇေယျာရွှေမြေအသင်းမှာ နည်းပြချုပ်အဖြစ် ပေါ်တူဂီလူမျိုးနည်းပြ ဖေဘီယာနို၊ ပြည်တွင်းကစားသမားများအဖြစ် ပြည်မိုး၊ ပြည့်ဖြိုးကိုကို၊ ဝေဖြိုးလွင်တို့ကို ခေါ်ယူထားသည်။