လေယာဉ် ပျက်ကျရာနေရာကနေ ပြန်ဆယ်ယူရရှိထားတဲ့ အပျက်အစီးတွေကို အင်ဒိုနီးရှား ထုတ်ဖော်ပြသ 

လေယာဉ် ပျက်ကျရာနေရာကနေ ပြန်ဆယ်ယူရရှိထားတဲ့ အပျက်အစီးတွေကို အင်ဒိုနီးရှား ထုတ်ဖော်ပြသ 
Photo - AFP

ဇန်နဝါရီ ၁၂ 

အင်ဒိုနီးရှားတာဝန်ရှိသူတွေဟာ ပျက်ကျသွားခဲ့တဲ့ ဆရီဝီဂျာယာလေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၃၇ လေယာဉ် ရှာဖွေမှု လုပ်ငန်းစဉ်အတွင်း ပြန်လည်ဆယ်ယူရရှိထားခဲ့တဲ့ အပျက်အစီးတွေကို ဆိပ်ခံတံတားတစ်ခုမှာ ထားရှိပြသထားပါတယ်။ 

ခရီးစဉ်အမှတ် SJY182 ခရီးသည်တင်လေယာဉ်ဟာ လူပေါင်း ၆၂ ဦးလိုက်ပါပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က မြို့တော် ဂျကာတာကနေ ပျံတက်သွားခဲ့ပြီးနောက် မကြာမီမှာပဲ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။ 

“တနင်္ဂနွေနောက်ပိုင်း ကျွန်တော်တို့ဟာ ဒီလေယာဉ်ပျက်ကျမှု ဖြစ်တဲ့ နေရာကနေ လူ့ခန္ဓာကိုယ် အပိုင်းအစ ၁၄ ခုကို အောင်အောင်မြင်မြင်နဲ့ ပြန်လည် ရရှိထားခဲ့ပါတယ်၊ ပြီးတော့ လေယာဉ် အပျက်အစီး အပိုင်းအစတွေနဲ့ သေဆုံးသူတွေရဲ့ အဝတ်တွေလိုမျိုး ပစ္စည်း စုစုပေါင်း ၅၃ ခုကိုလည်း ကျွန်တော်တို့ ပြန်လည် ဆယ်ယူထားနိုင်ပါပြီ” လို့ ဂျကာတာရဲ့ ရေကြောင်းရဲတပ်ဖွဲ့ အကြီးအကဲ အမ် ယက်ဆင်က ပြောသွားခဲ့ပါတယ်။ 

အဆိုပါ အင်ဒိုနီးရှားခရီးသည်တင်လေယာဉ်ပေါ်က လေယာဉ်အမှုထမ်းတွေဟာ လေယာဉ် ပင်လယ်ထဲကို ရုတ်တရက် ထိုးဆင်းမကျခင် အရေးပေါ် အခြေအနေတစ်ရပ် ကြေညာတာ ဒါမှမဟုတ် စက်ပိုင်းဆိုင်ရာ ပြဿနာနဲ့ပတ်သက်လို့ သတင်းပို့တာမျိုး မလုပ်ခဲ့ဘူး ဆိုပြီးတော့လည်း စုံစမ်းစစ်ဆေးရေးအရာရှိတစ်ဦးက ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။ 

သက်တမ်း ၂၆ နှစ်ရှိ လေယာဉ်ဟာ ပျံတက်ပြီး လေးမိနစ်လောက်မှာပဲ ဘာကြောင့် ပျက်ကျသွားခဲ့ရသလဲဆိုတာကို အာဏာပိုင်တွေက ခုထိတော့ ရှင်းမပြနိုင်သေးပါဘူး။ ဒါပေမယ့် လေယာဉ်ရဲ့ ဘလက်ဘောက်စ် (လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ) တွေရဲ့ တည်နေရာကိုတော့ ရှာတွေ့ထားပြီလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောထားပါတယ်။ 

လေကြောင်းထိန်းချုပ်ရေးစင်တာနဲ့ ဆက်သွယ်ပြောဆိုမှု မှတ်တမ်းတစ်ခုကို ပြန်ကြည့်တော့လည်း ပုံမှန်လုပ်ရိုးလုပ်စဉ် ဆက်သွယ်ပြောဆိုမှုတွေကိုပဲ ပြသနေခဲ့ကြောင်းနဲ့ လေယာဉ်ဟာ ဂျာဗားပင်လယ်ထဲ ထိုးဆင်းမကျခင် တစ်မိနစ်ခန့်အတွင်း အမြင့်ပေ ၁၀,၀၀၀ (မီတာ ၃,၀၀၀) ခန့်မှာ ထိုးဆင်းကျခဲ့ချိန် ဆက်သွယ်ပြောဆိုမှု မရှိခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသား သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေးကင်းလုံခြုံမှု ကော်မတီမှ စုံစမ်းစစ်ဆေးရေးအရာရှိ နာကာဟယို အူတိုမိုက ပြောသွားခဲ့ပါတယ်။ 

“အဲဒါက ပုံမှန် ဆက်သွယ်ပြောဆိုမှုတစ်ခုပါပဲ၊ သံသယဖြစ်စရာ ဘာမှ မတွေ့ရပါဘူး” လို့ ၎င်းက အေအက်ဖ်ပီကို ပြောသွားခဲ့ပါတယ်။ 

“အရေးပေါ် အခြေအနေတစ်ခုနဲ့ပတ်သက်လို့ ပြောတာမျိုး ဒါမှမဟုတ် အဲဒီလိုမျိုး တစ်ခုခုအတွက် ပြောတာမျိုး မရှိခဲ့ပါဘူး” လို့လည်း ၎င်းက ပြောပါတယ်။ 

 “ဒါပေမယ့်လည်း ခုချိန်မှာတော့ ဘာကြောင့် ဒီလေယာဉ် ပျက်ကျသွားသလဲ ဆိုတာကို ကျွန်တော်တို့ မသိသေးပါဘူး” လို့ အူတိုမိုက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly