လုံခြုံရေးကင်မရာများနှင့် မျက်နှာဖတ်မှတ်ခြင်းတို့၏နောက်ကွယ် ဂျာမန်ဂျာနယ်တစ်တစ်ဦး၏ သုံးသပ်ချက်

လုံခြုံရေးကင်မရာများနှင့် မျက်နှာဖတ်မှတ်ခြင်းတို့၏နောက်ကွယ် ဂျာမန်ဂျာနယ်တစ်တစ်ဦး၏ သုံးသပ်ချက်

ဇန်နဝါရီ ၁၁

လုံခြုံရေးကင်မရာများနှင့် မျက်နှာဖတ်ကာမှတ်သော နည်းပညာသည် တရုတ်နိုင်ငံတွင် တိုးတက်လျက်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် တရုတ်၏အာဏာရ ကွန်မြူနစ်ပါတီ၏ အာဘော် ဝါဒဖြန့်သတင်းဌာနဖြစ်သော People's Daily က အင်္ဂလိပ်ဘာသာဖြင့် တွစ်တာတွင်ရေးသားခဲ့သည်မှာ တိုင်းပြည်၏ မျက်နှာဖတ်မှတ်စနစ်သည် တရုတ်နိုင်ငံသား ၁.၄ ဘီလီယံ၏ မျက်နှာများကို တစ်စက္ကန့်အတွင်း စကင်ဖတ်နိုင်စွမ်းရှိသည်ဟု ပြောဆိုခဲ့သည်။

ဂျာမန်ဂျာနယ်လစ် ကိုင် စတွစ်မက်တာသည် တရားဝင် တရုတ်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုပြီး တရုတ်ကိုနှစ် ၃၀ ကျော် လေ့လာခဲ့သူဖြစ်သည်။ တရုတ်အစိုးရအနေဖြင့် မျက်နှာဖတ်မှတ်မှု ဆော့ဖ်ဝဲကို သူပြောဆိုသည့်နည်းအတိုင်း အသုံးပြုစွမ်းရှိ၊ မရှိ မ‌သေချာဟု သူကပြောကြားသည်။  
 
“လူတွေက ယုံနေသရွေ့ အဲဒါက မှန်လား မမှန်လားဆိုတာက အရေးမကြီးဘူး။ အခု ကွန်မြူနစ်ပါတီက ဒီအဆင့်မြင့် စောင့်ကြည့်နည်းပညာနဲ့ ဘာလုပ်နေတာလဲဆိုတော့ ထိန်းချုပ်မှု ရယူဖို့ ကြိုးစားနေတာပဲဖြစ်တယ်။ ခင်ဗျားက အဲဒါကို အမှန်လို့ ယုံကြည်လိုက်တာနဲ့ ခင်ဗျားကိုယ်တိုင်က ရဲလိုဖြစ်လာတဲ့အတွက် လမ်းထောင့်တွေမှာ ရဲတွေထားဖို့တောင် မလိုတော့ဘူး”ဟု သူက ပြောသည်။

စတွစ်မက်တာ ၏ စာအုပ်အသစ်ဖြစ်သော We Have Been Harmonized: Life in China's Surveillance State တွင် တရုတ် အာဏာရှင်နိုင်ငံအတွင်း အာဏာပိုင်များက စောင့်ကြည့်ခြင်းကဏ္ဍကို စစ်ဆေးရေးသားထားသည်။ ၂၀၁၂ ခုနှစ်တွင် အာဏာရလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်သည် မော်စီတုန်းခေတ်နောက်ပိုင်း မမြင်တွေ့ခဲ့ရသော အိုင်ဒီယိုလိုဂျီ တင်းကြပ်မှုကို လက်ခံထားသူဖြစ်သည်ဟု သူကသတိပေးသည်။
 
“ကျွန်တော် စကားပြောခဲ့သူ အများစု၊ ပါတီဝင်တွေနဲ့ ပါတီအဖွဲ့အစည်းများက လူတွေတောင် ရှီကျင့်ဖျင်က ပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီးလွတ်လပ်တဲ့ နည်းလမ်းနဲ့ စတင်လိမ့်မယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် တကယ်ဖြစ်လာတာတွေက  အားလုံး လုံးဝအံ့အားသင့်သွားခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ အရင်ကမတွေ့ဖူးတဲ့ တကယ့်စစ်အစိုးရရဲ့ ပုံစံအသစ်ပဲ" ဟု စတွစ်မက်တာ ကပြောသည်။

တရုတ်နိုင်ငံသည် ပြည်သူလူထုနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို စုဆောင်းထားကာ ၎င်းတို့အား မျှော်မှန်းထားသော စံနှုန်းများကနေ အသေးအဖွဲလွဲမှားမှုများအတွက်ပင် လူများကို အပြစ်ပေးရန် အသုံးပြုသည်ဟု သူကဆိုသည်။

" တစ်ခါတစ်လေ လူတွေက ငါတို့တရုတ်ကို ကြောက်နေဖို့ လိုသလားဆိုပြီး မေးကြတယ်။ ကျွန်တော့်အဖြေကတော့ ကြောက်ဖို့မလိုပါဘူး။ တစ်ကယ်ကြောက်ရမှာက ကိုယ်ကိုယ်တိုင်ကိုပါ။ ဒါကကျွန်တော်တို့ရဲ့ ကံကြမ္မာပဲ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှုတွေနဲ့ စနစ်အတွက် တိုက်ခိုက်ရမယ်။ ဘာကြောင့်လဲဆိုတော့ အဲတာက အခုထိ ကျွန်တော်တို့ရှိတာမှာ အကောင်းဆုံးပဲ”ဟု စတွစ်မက်တာက ပြောသည်။"
 
အောက်ပါအကြောင်းအရာများမှာ စတွစ်မက်တာနှင့် အင်တာဗျူးထဲမှ ကောက်နှုတ်ချက်များဖြစ်သည်။

ဉာဏ်ရည်တုနှင့် အချက်အလက်စုဆောင်းရေးတွင် တရုတ်ကဦးဆောင်လာခြင်း

" တစ်ဖက်မှာ ရှိကျင့်ဖျင်ဆိုတဲ့သူက မော်စီတုန်းခေတ်ကတည်းက မမြင်တွေ့ရတော့တဲ့ ဖိနှိပ်မှုအတိုင်းအတာတစ်ခုကို ပြန်ပြီးကျင့်သုံးနေတယ်။ ပြောရမယ်ဆိုရင့် သူ့က တစ်ဖက်မှာ အတိတ်ကို ပြန်သွားနေပြီး တစ်ဖက်မှာကျ အနာဂါတ်အဝေးကြီးကို သွားပြီးတော့ ကမ္ဘာပေါ်က တစ်ခြားဘယ်အစိုးရ ဘယ်အာဏာရှင်အစိုးရကမှ မလုပ်တဲ့ ဒီသတင်းအချက်အလက် နည်းပညာအသစ်၊ ဉာဏ်ရည်တုနှင့် ကြီးမားတဲ့ အချက်လက်တွေကို တစ်ကယ်လုပ်ဆောင်နေတယ်။ ဒါက တစ်ကယ် အံ့အားသင့်စရာပဲ။ ဆိုလိုတာကတော့ နည်းပညာပရောဟိတ်တွေက နည်းပညာအသစ်တွေဟာ လွတ်လပ်ခွင့်အတွက် အကျိုးရှိစေပြီး အာဏာရှင်အုပ်ချုပ်မှုကို ဖြိုခွဲဖျက်ဆီးလိမ့်မယ်လို့ နှစ်ပေါင်းများစွာနဲ့ ဆယ်စုနှစ်များစွာအကတည်းက ပြောခဲ့တယ်။ တရုတ်တွေကတော့ ဒီနည်းပညာအသစ်တွေကို မကြောက်ရွံဘဲ ဆန့်ကျင်ဘက်အနေနဲ့ ပိုပို သဘောကျလာတာကို ပြသလာတာ နှစ်ပေါင်း ၂၀ကျော်ပြီ။ ကွန်မြူနစ်ပါတီကလည်း ဒီနည်းပညာသစ်တွေက သူတို့အုပ်ချုပ်မှုအတွက် အန္တရာယ်လို့ မမြင်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဒီနည်းပညာအသစ်တွေက် သူတို့ အုပ်ချုပ်မှုကို ပြီးပြည်စုံစေမယ့် ကိရိယာပေးပြီး သူတို့အုပ်ချုပ်မှုကို အကျပ်အတည်းကနေ ခံနိုင်ရည်ရှိအောင်လုပ်ပေးမယ်လို့ သူတို့က ထင်ကြတယ်။ အခုတော့ ဉာဏ်ရည်တုနဲ့ ကြီးမားတဲ့ အချက်အလက်တွေလည်း တူတူပါပဲ။"
 
WeChat ကို ပိုမို ကျယ်ပြန့်စွာအသုံးပြုလာမှုက တရုတ်နိုင်ငံအား နိုင်ငံသားတွေကို စောင့်ကြည့်ဖို့ ဘယ်လိုအထောက်အကူဖြစ်နေလဲ

" တရုတ်လူမျိုးတိုင်းရဲ့ ဖုန်းမှာ WeChat လို့ခေါ်တဲ့ အက်ပလီကေးရှင်းတစ်ခုရှိတယ်။ WeChat နဲ့ဆိုရင် အခြေခံအားဖြင့် ဘဝတစ်ခုလုံး WeChat မှာ နေလို့ရတယ်။ အစတုန်းကတော့ WhatsApp လိုမျိုး ပုံမှန် စကားပြောအစီအစဉ်လို စတင်ခဲ့ပေမဲ့ မကြာခင်မှာ တရုတ် Facebook လိုပုံမျိုး ပြောင်းလဲသွားတယ်။ ပြီးတော့ တရုတ် Uber ဖြစ်လာတယ်။ သင့်အနေနဲ့ အကြွေးရနိုင်တယ်၊ သင်ဘဏ်ကနေတစ်ဆင့် အတူအကြွေးလျှောက်ထားနိုင်တယ်။ သက်သေခံအထောက်အထားတစ်ခုအဖြစ်လည်း အသုံးပြုနိုင်တယ်။ အက်ပလီကေးရှင်းကနေ ခင်ဗျားရဲ့ကွာရှင်းမှုစာရွက်စာတမ်းတွေကို တရားရုံးကိုပေးပို့နိုင်တယ်။ ခင်ဗျားရဲ့ ငွေရေးကြေးရေး အပေးအယူ ကိစ္စအားလုံးကို ဒီအက်ပလီကေးရှင်းကတဆင့် ပြုလုပ်နိုင်တယ်။ ပြီးတော့ အဲဒါက ဘားကုဒ်တွေနဲ့လည်း အလုပ်လုပ်တယ်။ ပြီးတော့ သူတို့က အဲဒီဘားကုဒ်တွေကို အသုံးပြုနေတာ ကြာလှပြီ။"  

" တရုတ်မှာ ဘယ်သူမှ အကြွေးဝယ်ကဒ်တွေ မသုံးကြဘူး။ လူတိုင်းက သူတို့ဖုန်းနဲ့ပဲ အရာရာလုပ်နေတာ။ ဘယ်လောက်ထိလဲဆိုသော လမ်းက သူတောင်းစားတွေတောင် အဲ့ဒါတွေကိုပဲ အသုံးပြုနေကြပြီး သူတို့က 'ဒါကအရမ်းအဆင်ပြေတယ်'ဆိုပြီး ပြောကြလိမ့်မယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အဲဒါက နိုင်ငံတော်လုံခြုံရေးအတွက်လည်း အံ့အားသင့်လောက်အောင် အဆင်ပြေတယ်။ ပြီးတော့ သင့်ရဲ့ ငွေပေးငွေယူမှု တစ်ခုချင်းစီကတည်း ဒီဆာဗာတွေထဲက တစ်ခုမှာ သွားရှိနေလိမ့်မယ်။"

 WeChat မှတဆင့် တရုတ်နိုင်ငံသားများသည် ပြည်နယ်၏တည်ရှိမှုကို ဘယ်လိုခံစားရလဲ

" ဒါကို ကျင့်သားရနေတဲ့ တရုတ်နိုင်ငံသားတွေက နိုင်ငံတော်ဆိုတာကြီးရှိနေတယ်ဆိုတာကို သိနေတယ်။ သူတို့ဘဝတစ်လျောက်လုံး နိုင်ငံတော်ဆိုတာကြီးကလည်း ရှိနေခဲ့တာကိုး ။ ခင်ဗျားရဲ့ စာတစ်ချို့က ဆင်ဆာဖြတ်ခံရတာ၊ စာလုံး သို့မဟုတ် စာကြောင်းတွေ ပျောက်သွားတာ၊ တစ်ဖက်လူဆီကို မရောက်တာ၊ ဒါမှမဟုတ် သူငယ်ချင်းက ပို့တဲ့ စာတစ်ချို့ကို မရတာတွေကို သိလာတဲ့အခါ အဲဒါကို နားလည်လာတယ်။ ဒါက တရုတ်လူမျိုးတော်တော်များများ ကြုံတွေ့နေရတာပါ။"

" ကျွန်တော့်မှာ နိုင်ငံရေးမှာ စိတ်ဝင်စားတဲ့ သူငယ်ချင်းတစ်ချို့ ရှိခဲ့တယ်။ သူတို့ထဲက နှစ်ယောက် သူတို့ WeChat မှတ်တမ်းတွေကြောင့် အဖမ်းခံရတာကို တွေ့လိုက်တယ်။ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်ထဲက ကဗျာဆရာတစ်ဦးက ဒီမိုကရေစီအတွက် ရုန်းကန်နေရတဲ့ ဟောင်ကောင်မှာရှိတဲ့ ကျောင်းသားတွေကို ထောက်ခံတဲ့ ကဗျာတစ်ချို့ကို ဖတ်မဲ့၊ ကဗျာဖတ်ပွဲကို သွားမယ်လို့ တစ်ခြားသူတွေ မိတ်ဆွေတွေနဲ့ WeChat မှာ သဘောတူခဲ့လို့ဖြစ်တယ်။ သူတို့က ကဗျာဖတ်ပွဲကို ရောက်မလာခဲ့ဘူး။ လမ်းမှာတင် အဖမ်းခံခဲ့ရတာ။ အဲတာက သူ့တို့ WeChat စကားပြောတွေကြောင့် ဖြစ်တယ်ဆိုတာ သေချာတယ်။"
 
Rongcheng ရှိ နိုင်ငံသားများသည် ကောင်းမှုလုပ်ပါက ရမှတ်များ ရရှိပြီး မရိုးသားမှုပြုပါက ရမှတ်လျော့ခံရသော ရမှတ်စနစ်

" ဒါက တစ်ကယ် စာအုပ်ထဲကပုံစံမျိုးပဲ။ Rongcheng က နိုင်ငံသားတွေတိုင်း ရမှတ် ၁၀၀၀ နဲ့ စကြတယ်။ ပြီးတော့ တိုးသွားအောင် လုပ်လို့ရတယ်။ လူမှုအသိုင်းအဝိုင်းအတွက် ကောင်းတာလုပ်ပေးရင် သင်က ရမှတ်ပိုရနိုင်ပြီး ကျလည်း ကျသွားနိုင်တယ်။ အကယ်၍ သင့်မှာ ရမှတ် ၁၀၅၀ ကျော်ရှိရင် သင်က AAA နိုင်ငံသားဖြစ်ပြီး အဲ့ထက်ကျသွားရင် AA နိုင်ငံသား ဖြစ်သွားမယ်။ ထပ်ပြီးကျရင် C နဲ့ D ပေါ့။ ခင်ဗျားသာ D နိုင်ငံသားဆို ခင်ဗျားက တစ်ကယ်ကို မရိုးမသားဖြစ်ပြီးတော့ ရမှတ် ၅၉၉ ထက် နည်းတယ်။
သူတို့က ရိုးသားတဲ့ ယုံကြည်ရတဲ့ နိုင်ငံသားတွေ ဖန်တီးပေးချင်ပြီး ယုံကြည်မှုဖောက်ဖျက်သူတွေကို အပြစ်ပေးချင်တယ်လို့ ပြောကြတယ်။ ဥပမာ သွေး သို့မဟုတ် ရိုးတွင်းခြင်ဆီလှူရင် ဒါမှမဟုတ် အိမ်နီးချင်း ကလေးတွေကို ကျောင်းအတွက်လိုအပ်တဲ့ စာသင်ပေးရင် ရမှတ်ရနိုင်တယ်။ တော်လှန်ရေးသီချင်းဆိုတဲ့ သံစုံအဖွဲ့ကို သူ့ရဲ့ မြေအောက်ခန်းပေးထားလို့ ရမှတ် ငါးမှတ် ရထားတဲ့ အမျိုးသမီးရှိတဲ့ ရပ်ကွက်ကို ကျွန်တော်သွားခဲ့တယ်။"

" တစ်ချိန်းတည်းမှာပဲ ခင်ဗျားက မလုပ်သင့်တာကို လုပ်တာတွေအတွက် အပြစ်ပေးခံရနိုင်ပြီး စည်းကမ်းမဲ့ လမ်းဖြတ်ကူးတာအတွက် အပြစ်ပေးခံရနိုင်တယ်။ ခိုးကူးပစ္စည်းတွေကို ဒေါင်းလော့လုပ်တာအတွက် အပြစ်ပေးခံရနိုင်တယ်။ သင့်ရဲ့ခွေးကို ရပ်ကွက်ရဲ့ မြက်ခင်းပေါ်မှာ မစင်စွန့်ခွင့် ပြုတာအတွက်နဲ့ ဒီလိုပုံစံအရာတွေအတွက် အပြစ်ပေးခံရနိုင်တယ်။ ဒီလုပ်ရပ်တွေရဲ့ တော်တော်များများက ကောင်းတာမဟုတ်ပဲ အပြစ်ပေးခံရသင့်တယ်လို့ ကျွန်တော်တို့ ယူဆတာတွေလည်းပါတယ်။ ဒါပေမဲ့ အဲ့ဒါက လွန်လာပြီးတော့ နိုင်ငံရေးဆန်လာတယ်။ ဥပမာ ခင်ဗျားက အင်တာနက်ပေါ်မှာ လူမှုသဟဇာတဖြစ်မှုကို အန္တရာယ်ဖြစ်စေတာကြောင့်လည်း အပြစ်ပေးခံရနိုင်တယ်။"

ရမှတ်စနစ်တွင် သင်၏ ရမှတ်အလွန်ကျဆင်းပါက ဖြစ်နိုင်ချေရှိသော အကျိုးဆက်များ

" တစ်ကယ်ပြောရမှာက သူတို့က စနစ်ကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း စတင်နေတယ်။ အခုတော့ တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်မဟုတ်သေးပေမဲ့ လာမဲ့ နှစ်အနည်းငယ်အတွင်း ဘယ်လို တိုးတက်လာမလဲဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရလိမ့်မယ်။ ဒါပေမဲ့ အမည်ပျက်စာရင်းများ စနစ်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြစ်နေပြီ။ အကယ်၍ သင်ရဲ့ လူမှုရေးရမှတ်က နည်းနေလို့ နာမည်ပျက်စာရင်းသွင်းခံရပြီဆိုရင် သင်က ပိတ်ဆို့အရေးယူခံရပြီ။"

" ဥပမာ ခင်ဗျားက လေယာဉ်စီးခွင့် မရှိတော့ဘူး။ လေယာဉ်လက်မှတ် ဝယ်ယူခွင့် မရှိတော့ဘူး။ မြန်နှုန်းမြင့် ရထားကို စီးခွင့်မရှိတော့ဘူး။ ဈေးကြီးတဲ့ ဟိုတယ်တွေမှာ တည်းခိုခွင့် မရတော့ဘူး။ ခင်ဗျားရဲ့ကလေးတွေကလည်း ဈေးကြီးပြီး ကောင်းတဲ့ ကျောင်းတွေလိုမျိုးတွေကို တက်ခွင့်မရှိတော့ဘူး။ ဒါက ဖြစ်နေပြီးသားပါ။ ဒါက ဖြစ်နေပြီးသာ စနစ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ၂၀၁၈ခုနှစ်မှာ အဲဒီ စနစ်ကြောင့် လူ ၁၇ သန်းကျော်ဟာ လေယာဉ်စီးခွင့် ပိတ်ပင်ခံခဲ့ရတယ်။"
 
လူထုအရှက်ခွဲမှုကို မြို့ကြီးများက ဘယ်လို အကောင်အထည်ဖော်မှာလဲ
 
" ဥပမာ တောင်ပိုင်းရှိ ရှန်ကျန်းနဲ့ အရှေ့မြောက်မှာရှိတဲ့ ရှန်ယန်းမှာ အဲ့လို ကြော်ငြာဆိုင်းဘုတ် စနစ်တွေ၊ ကင်မရာတွေနဲ့ ဉာဏ်ရည်တု ကင်မရာတွေရှိပြီး ခင်ဗျားက စည်းကမ်းမဲ့ လမ်းဖြတ်ကူးရင် လမ်းဖြတ်နေတုန်းမှာပဲ ခင်ဗျားရဲ့မျက်နှာက လူတိုင်းမြင်နိုင်တဲ့ ဆိုင်းဘုတ်အကြီးကြီးပေါ် ရောက်နေပြီ။ မျက်နှာရဲ့ဘေးမှာ သင့်ရဲ့ နာမည်နဲ့ တစိတ်တပိုင်း ဆင်ဆာဖြတ်ထားတဲ့ ခင်ဗျားရဲ့ အိုင်ဒီနံပါတ် ပေါ်လာလိမ့်မယ်။ ဒါပေမဲ့ ပြောချင်တာက “ငါတို့က မင်းဘယ်သူဆိုတာ သိတယ်။ ဒါက မင်းဖြစ်ပြီးတော့ မင်းက အခုအချိန်မှာ လူမှုအသိုင်းအဝိုင်းကို ထိခိုက်စေနေတယ်”လို့ ဖော်ပြချင်တာ။ အဲတာကြောင့် လူထုအရှက်ခွဲမှုကလည်း အဲ့တာရဲ့ တစိတ်တဒေသပါ။"
 
၎င်းစနစ်များအပေါ် လူထုအမြင်

 " ကျွန်တော်ရလိုက်တဲ့ သင်ခန်းစာက အဲဒီဝါဒဖြန့်ချိမှု အလုပ်ဖြစ်သွားရင် ဆင်ဆာဖြတ်တာကလည်း အလုပ်ဖြစ်သွားပြီ။ တစ်ကယ်ကို အလုပ်ဖြစ်သွားပြီ။ လူတွေက သူတို့အတွက် တစ်ခြားသတင်းအချက်အလက် မရှိတာကြောင့် ကြားတဲ့ဟာကို ဘာပဲကြားကြား တော်တော်များများကို ယုံကြတယ်။ အဲဒါကြောင့်လည်း ဒီကိစ္စတော်တော်များများအပေါ် လူထုဆွေးနွေးငြင်းခုန်မှုမရှိဘူး။ ကိုယ်ရေးကိုယ်တာ၊ အချက်အလက်ကာကွယ်မှုနဲ့ ဒီလိုအရာအတွေအပေါ် လူထု ဆွေးနွေးငြင်းခုန်မှု ထုံးစံမရှိသလို အစိုးရရဲ့ စောဒကတက်တာကလည်း အခြေခံအားဖြင့် နှစ်မျိုးပဲရှိတယ်။ ပထမတစ်ခုက အဆင်ပြေတယ်။ အဲဒါက ဘဝကို အရမ်း အဆင်ပြေစေတယ်။ ဒုတိယတစ်ခုက ဒီလိုလုပ်တာ ခင်ဗျားတို့ဘဝကို ပိုလုံခြုံစေဖို့ဖြစ်တယ်ဆိုတာ။ ခင်ဗျားက မြို့အနှံ့လျောက်သွားပြီး လက်ကိုင်အိတ်ကို ဘတ်စ်ကားပေါ် မြေအောက်ရထားပေါ် ထားခဲ့လို့ရတယ်။ ဘယ်သူမှယူရဲမှာမဟုတ်ဘူး။ သူတို့ မှန်နိုင်ပါတယ်။ လူတော်တော်များများက ယုံကြပြီး သဘောကျကြတယ်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly