ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာတွင် COVID-19 ရောဂါကူးစက်ခံရသူ ၈၄ဦးအထိရှိလာ

ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာတွင် COVID-19 ရောဂါကူးစက်ခံရသူ ၈၄ဦးအထိရှိလာ

ဇန်နဝါရီ ၁၁ရက်

ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာတွင် ဇန်နဝါရီလ ၇ ရက်နေ့မှစတင်ကာ အဘိုး၊အဘွားများအပါအဝင် COVID-19 ရောဂါကူးစက်ခံရသူတွေ့ရှိခဲ့ရာ  လေးရက်အတွင်း ၈၄ ဦးအထိရှိသွားပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးမှူးကပြောသည်။

ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ၌ COVID-19ရောဂါပိုး ကူးစက်ခံရသူ အဘိုး၊ အဘွား ၄၈ဦးနှင့် ဝန်ထမ်း ၃၆ဦး စုစုပေါင်း ၈၄ ဦးခန့်ရှိပြီဖြစ်ပြီး ထိုထဲကမှ အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးတို့မှာ COVID-19ရောဂါဖြင့် ဆုံးပါးသွားပြီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာတွင် ဇန်နဝါရီ ၁၀ရက်နေ့က COVID-19ရောဂါကူးစက်ခံရသူ အဘိုး၊ အဘွားများအပါအဝင် ၅၇ ဦးထပ်တိုးတွေ့ရှိခဲ့သည်။

ဇန်နဝါရီ ၇ရက်နေ့က စတင်ကာ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာမှ ဝန်ထမ်း ငါးယောက်သည် ဖျားနေသည့်အတွက် COVID-19ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရာ ဝန်ထမ်းနှစ်ယောက်မှာ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာလဲ့လဲ့ဝင်းက“အဘိုး၊ အဘွားတွေရော ဝန်ထမ်းတွေရော အားလုံးပေါင်း ၂၀၃ ယောက်ရှိတယ်။ နှစ်ယောက် positive ထွက်သွားတော့ ၂၀၁ယောက်ကျန်တယ်။ ၈ရက်နေ့ကနေပြီးတော့ အဲ့ဒီ ၂၀၁ယောက်လုံးကို စစ်လိုက်တယ်ပေါ့။ အမြန်နည်း RTP နဲ့စစ်လိုက်တော့ ၂၅ယောက် positive ထွက်လာတယ်။ ကျန်တဲ့ ၁၇၆ယောက်ကို PCR ထပ်ယူလိုက်တယ်။ အဲ့ဒါတွေက Negative တွေပေါ့ အဲ့ဒီ Negative တွေကို PCR ထပ်ယူလိုက်တယ်။ ယူပြီးတော့ ပို့လိုက်တဲ့အချိန်မှာ မနေ့တုန်းက ၅၇ယောက် ထပ်ထွက်လာတယ်”ဟု  ပြောသည်။

  COVID-19  စတင်ဖြစ်ပွားသည့် ၂၀၂၀ခုနှစ် မတ်လကတည်းက ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာသည် အပြင်လူအဝင်အထွက်ကန့်သတ်ထားပြီး အဘိုး၊ အဘွားအဆောင်သို့ အခြားမလိုအပ်သည့် ဝန်ထမ်းများအား ဝင်ရောက်ခွင့်မပြုဘဲ သေချာစနစ်တကျဖြင့် လုပ်ဆောင်ထားခြင်းဖြစ်သည်။  

“အဘိုး၊ အဘွားတွေက အပြင်မထွက်ကြဘူးဆိုတာဟုတ်တယ်။ ဒါပေမယ့်အကြောင်းကြောင်းကြောင့် အပြင်ထွက်လိုက် ဝင်လိုက် လုပ်နေရတဲ့ ဝန်ထမ်းတွေရှိတယ်။ အဘိုး၊ အဘွားတွေက အစထဲက ဂိလာန ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဝန်ထမ်းတွေလည်းအရမ်းများတယ်။ အဘိုး၊ အဘွားက ၁၁၃ယောက်ရှိတယ်။ ကျန်တဲ့ဟာ အားလုံးက ဝန်ထမ်းတွေပေါ့။ အထဲမှာနေရတဲ့ဝန်ထမ်းတွေရှိသလို အပြင်ကနေလာဆင်းရတဲ့ဝန်ထမ်းတွေလည်းရှိတယ်။ ဘယ်ကနေကူးတယ်ဆိုတာကတော့ ဆရာမတို့စိစစ်ဆဲပေါ့” ဟု ဒေါက်တာလဲ့လဲ့ဝင်းက ဆိုသည်။
COVID-19 ရောဂါကူးစက်ခံရသည့် အဘိုး၊အဘွားများနှင့် ဝန်ထမ်းများအား သင်္ဃန်းကျွန်း(စံပြ)ဆေးရုံနှင့် Fortune ကိုဗစ်ကုသရေးစင်တာများတွင်ဆေးကုသမှုခံယူနေကြသည်။

လက်ရှိတွင် ထိုဘိုးဘွားရိပ်သာအား lockdown ချမှတ်ထားကာ ရောဂါပိုးမတွေ့သည့် ၁၁၉ဦးအား ၁၀ရက်ကြာလျှင် ဒုတိယအကြိမ် ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
အဘိုးအဘွားများနှင့် ကျန်းမာရေးမကောင်းသူတွေကို စောင့်ရှောက်ပေးနေသော သန်လျင်သဘာဝတရားရိပ်သာတွင်လည်း ပြီးခဲ့သည့်လပိုင်းက အစုလိုက်အပြုံလိုက် COVID-19ရောဂါကူးစက်ခံရမှုရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly