ထိုင်းတွင် မြန်မာလုပ်သား အချင်းချင်း လူသတ်မှုဖြစ်ပွား 

ထိုင်းတွင် မြန်မာလုပ်သား အချင်းချင်း လူသတ်မှုဖြစ်ပွား 
ဓာတ်ပုံ - အာဆာဝင် ပတ်ကာဝမ်

ဇန်နဝါရီ ၁၁၊ ၂၀၂၁ 

ထိုင်းနိုင်ငံ၊ ဟတ်ယိုင်ခရိုင်ရှိ အလုပ်သမား အဆောင်တစ်ခုတွင် မြန်မာလုပ်သား တစ်ဦးက အခြား မြန်မာလုပ်သားတစ်ဦးကို သတ်မှု ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

လူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိ၍ ရဲတပ်ဖွဲ့တစ်ဖွဲ့ မောင်ခိုဟောင် ဒေသန္တရအုပ်ချုပ်ရေးနယ်ရှိ အခင်းဖြစ်ပွားရာ ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်သည့်စက်ရုံသို့ ရောက်ရှိနေကြောင်း ဟတ်ယိုင် ဒုတိယ ရဲအကြီးအကဲ ရဲဗိုလ်ကြီး ပရင်ယာ ပီယာယတ်က ဘန်ကောက်ပို့စ် သတင်းစာကို ပြောထားသည်။  

စက်ရုံအနီးရှိ အလုပ်သမားအဆောင်၊ အခန်းတစ်ခုအတွင်း အောင်စိုးလွင် (၃၇ နှစ်) ကို ဦးခေါင်း ကွဲအက်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း၊ ဦးခေါင်းကို သံတူရွင်းဖြင့် အရိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ 

စစ်ဆေးချက်အရ သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ကျော်ဆန်းမောင် (၄၂ နှစ်) က ရိုက်ခဲ့ခြင်းဖြစ်ပြီး ရဲထံတွင် သွားရောက် အဖမ်းခံခဲ့ကြောင်းလည်း သိရသည်။ 

သတ်သူရော အသတ်ခံရသူပါ မြန်မာနိုင်ငံတွင် တစ်နယ်တည်းသားချင်းဖြစ်ပြီး လွန်ခဲ့သည့် ခြောက်နှစ်က အဆိုပါ ဆီစက်ရုံတွင် အလုပ်လုပ်ရန် ထိုင်းသို့ အတူလာခဲ့ခြင်းဖြစ်သည်။   

၎င်းတို့နှစ်ဦး တစ်ညလုံး အရက်အတူသောက်ခဲ့ကြပြီး မူးလာသော အခါ ရန်ဖြစ်ခဲ့ကြကြောင်း၊ အောင်စိုးလွင်က ကျော်ဆန်းမောင် မျက်နှာကို လက်သီးနှင့်ထိုးပြီး လည်ပင်းညှစ်ခဲ့ကာ အခန်းထဲမှ ထွက်သွားခဲ့ကြောင်း၊ ကျော်ဆန်းမောင်က သူ့အခန်းသို့ ပြန်သွားစဉ် အောင်စိုးလွင် အိပ်ပျော်နေသည်ကို တွေ့ရာ ဒေါသ မပြေသေးသဖြင့် သံတူရွင်းနှင့် ဦးခေါင်းကို သုံးချက် ရိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လူသတ်မှု သတင်းကြောင့် ရဲတပ်ဖွဲ့များ ရောက်ရှိချိန်တွင် ကျော်ဆန်းမောင် မရှိဘဲ ရဲစခန်းသို့ သွားရောက် အဖမ်းခံခြင်းဖြစ်ပြီး ၎င်းကို လူသတ်မှုဖြင့် အမှုဖွင့်ထားသည်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly