ထိုင်းတွင် ကိုဗစ်ကူးစက်ခံရသည့် မြန်မာလုပ်သား ၃၀၀ ခန့် ဆေးရုံဆင်းခွင့်ရ 

ထိုင်းတွင် ကိုဗစ်ကူးစက်ခံရသည့် မြန်မာလုပ်သား ၃၀၀ ခန့် ဆေးရုံဆင်းခွင့်ရ 
ပုံစာ - အာနွန် ချွန်မဟာထရာကူးလ်

ဇန်နဝါရီ ၁၁၊ ၂၀၂၁ 

ထိုင်းနိုင်ငံ၊ ဆမွတ်ဆခွန်တွင် ကိုဗစ်ရောဂါ ကူးစက်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ခန့် ဇန်နဝါရီလ ၁၀ ရက်နေ့က ယာယီဆေးရုံမှ ဆင်းခွင့်ရပြီး ကိုဗစ်ရောဂါ ကူးစက်မှုမှ ပြန်လည် သက်သာလာသည့် ရွှေ့ပြောင်းလုပ်သား ပထမဆုံး အများဆုံးအုပ်စုဖြစ်ကြောင်း သိရသည်။ 

အားကစားရုံတွင် ဖွင့်ထားသည့် ယာယီဆေးရုံမှ မြန်မာလုပ်သား ၂၉၂ ဦးကို ကိုဗစ်ရောဂါကူးစက်မှုမှ ပြန်လည် သက်သာလာကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။  

၎င်းတို့ နေထိုင် အလုပ်လုပ်ကိုင်သည့် ဗဟို ပုစွန်ဈေးကြီးသို့ စစ်ထရပ်ကားများဖြင့် ပြန်လည် မပို့ဆောင်မီ မြန်မာရွှေ့ပြောင်းလုပ်သားများက ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများကို လက်ဝှေ့ရမ်း နှုတ်ဆက်ခဲ့ကြသည်။ 

ဗဟို ပုစွန်ဈေးကြီးသည် ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါ ဒုတိယလှိုင်း တကျော့ပြန် ဖြစ်ခဲ့သည့် ဗဟိုချက်နေရာ ဖြစ်သည်။  

ကိုဗစ်ရောဂါမှ ပြန်လည်သက်သာလာသည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နယ်ကျန်းမာရေးရုံးက ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံချက်များ ထုတ်ပေးခဲ့သည်။ အဆိုပါ ထောက်ခံချက်ကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်အဖွဲ့သို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။ 

ဈေးကြီးသို့ ပြန်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများကို လုပ်ဖော်ကိုင်ဖက်များက ဖက်လှဲတကင်း ကြိုဆိုခဲ့ကြသည်။  

ဗဟို ပုစွန်ဈေးကြီးကို ယခုလကုန်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆမွတ်ဆခွန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာ ထီရာဖတ် ကတ်ချာမတ်က ဘန်ကောက်ပို့စ်သို့ ပြောသည်။ ပုစွန်ဈေးကြီးတွင် ကိုဗစ်ကူးစက်မှု တွေ့ရှိခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့က ပိတ်ခဲ့ရခြင်း ဖြစ်သည်။ 

ဆမွတ်ဆခွန် ကူးစက်မှုနှင့် ဆက်စပ်၍ ကိုဗစ်ဆက်လက် ကူးစက်သူ ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ၃၄၄၁ ဦး ရှိသွားပြီဖြစ်ပြီး ၃၁၀၉ ဦးမှာ ယင်းပြည်နယ်ထဲမှ ဖြစ်သည်။ 

ဆမွတ်ဆခွန်ပြည်နယ် အုပ်ချုပ်ရေးမှူးလည်း ကိုဗစ်ရောဂါ ကူးစက်ခံထားရပြီး ကျန်းမာရေးအခြေအနေ တိုးတက်မှုရှိကြောင်း ဆရီရတ်ဂျ် ဆေးရုံမှ ဆေးပညာ မဟာဌာနမှူး ပရာဆစ် ဝါတာနာပါက ပြောသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly