ကင်ဂျုံအွန်း၏ အာဏာပြင်းခဲ့သော ညီမဖြစ်သူ၏ အခြေအနေ မရေရာမှုများ လွှမ်းခြုံ

ကင်ဂျုံအွန်း၏ အာဏာပြင်းခဲ့သော ညီမဖြစ်သူ၏ အခြေအနေ မရေရာမှုများ လွှမ်းခြုံ

ဇန်နဝါရီ ၁၁

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ ပေါ်လစ်ဗျူရို၏ စာရင်းသစ်တွင် ခေါင်းဆာင် ကင်ဂျုံအွန်း၏ ညီမဖြစ်သူ အမည်စာရင်း မပါရှိကြောင်း နိုင်ငံပိုင် KCNA သတင်းက ဖော်ပြရာ နှစ်ပေါင်းများစွာ အာဏာပြင်းထန်ခဲ့သည့် ၎င်း၏ အခြေအနေနှင့် ပတ်သက်ပြီး မရေရာမှုများ လွှမ်းခြုံနေတော့သည်။ 

လာမည့် ငါးနှစ်တာအတွက် သံခင်းတမန်ခင်း၊ စစ်ရေးနှင့် စီးပွားရေးမူဝါဒပန်းတိုင်များကို ရေးဆွဲပုံဖော်သည့် ကွန်ဂရက်ညီလာခံတွင် ပါတီ၏ ဗဟိုကော်မတီအတွက် ရွေးကောက်ပွဲများကို တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ 

ကင်ဂျုံအွန်း၏ ညီမဖြစ်သူ ကင်ယိုဂျုံးသည် ဗဟိုကော်မတီ၏ အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သော်လည်း ပေါ်လစ်ဗျူရိုစာရင်းတွင်မှု မပါဝင်လာတော့ကြောင်း KCNA ဖော်ပြချက်အရ သိရရာ တံခါးပိတ်အစိုးရတစ်ရပ်ကို စောင့်ကြည့်သူများအတွက် စဉ်းစားမရအောင် ခေါင်းရှုပ်စရာ ဖြစ်ခဲ့သည်။ 

အဆိုပါ ကွန်ဂရက်စတင်ချိန်တွင် အခြားသော အမှုဆောင် ၃၈ ဦးနှင့်အတူ ပထမဆုံးအဖြစ် ကင်ယိုဂျုံးက ခေါင်းဆောင်စင်မြင့်နေရာတွင် နေရာယူထားပြီးနောက် ယခု အပြောင်းအလဲ ဖြစ်လာခြင်းပဲ ဖြစ်သည်။ 

မကြာသေးသော နှစ်များအတွင်းက ကင်ယိုဂျုံးသည် အာဏာတက်လာခဲ့ခြင်းဖြစ်ကာ ငယ်ရွယ်သော လူငယ်ခေါင်းဆေင် ကင်ဂျုံအွန်း၏ ကိုယ်ရေးအတွင်းဝန်အဖြစ် အစောပိုင်းက ထင်မြင်ခံခဲ့ရသည်။ ထိုပြင် ကင်ဂျုံအွန်း၏ တောင်ကိုရီးယားရေးရာ အထူးသံတမန်လည်း ဖြစ်ကာ ကိုယ်ရေးအရာရှိများနှင့် အဖွဲ့အစည်းများကို ကြီးကြပ်ကွပ်ကဲရသော အဓိကပါတီဌာနတစ်ရပ်၏ လက်ထောက်ညွှန်ကြားရေးမှူးလည်း ဖြစ်ခဲ့သည်။ 

သူသည် ယောက်ကျားများ ကြီးစိုးသော မြောက်ကိုရီးယား အစိုးရအဖွဲ့၌ ၂၀၁၇ ခုနှစ်တွင် ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဖြစ်လာခဲ့ပြီး သူ့ အဒေါ် ကင်ယောင်ဟီးပြီးလျှင် ဒုတိယမြောက် အမျိုးသမီး ပေါ်လစ်ဗျူရို အဖွဲ့ဝင်ပဲ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ကင်ယိုဂျုံးသည် မြောက်ကိုရီးယား ဥသျှောင်၏ လက်ထောက်တာဝန်ခံအဖြစ် တာဝန်ထမ်းနေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ဩဂုတ်လအတွင်း ပြောခဲ့သည်။ 

“သူရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကောက်ချက်ချဖို့က စောလွန်းပါသေးတယ်။ သူဟာ ဗဟိုကော်မတီ အဖွဲ့ဝင်အဖြစ် ရှိနေဆဲ ဖြစ်ပြီး အခြား အရေးပါတဲ့ ရာထူးတွေ ရယူထားတာ ဖြစ်နိုင်ခြေရှိတယ်။”ဟု ဆိုးလ်ရှိ Kyungnam University မှ မြောက်ကိုရီးယားရေးရာ ပါမောက္ခ လမ်းအူချောက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly