အသတ်ခံရတဲ့ ပါကစ္စတန်မိုင်းတွင်းလုပ်သားတွေကို မြေမြှုပ်သင်္ဂြိုလ်မှု လူထောင်ချီ တက်ရောက်

အသတ်ခံရတဲ့ ပါကစ္စတန်မိုင်းတွင်းလုပ်သားတွေကို မြေမြှုပ်သင်္ဂြိုလ်မှု လူထောင်ချီ တက်ရောက်
Photo - AFP

ဇန်နဝါရီ ၁၁ 

ပါကစ္စတန်မှာ အိုင်အက်စ်တို့ရဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း အသတ်ခံခဲ့ရတဲ့ မိုင်းတွင်းလုပ်သား ၁၀ ဦးကို မြေမြှုပ်သင်္ဂြိုလ်မှုကို ဇန်နဝါရီ ၉ ရက်က လုပ်ဆောင်ခဲ့ရာ လူထောင်နဲ့ချီ စုရုံးတက်ရောက်ခဲ့ကြပါတယ်။ 

အိုင်အက်စ်တို့က ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ထားတဲ့ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်ကတော့ ယင်းနိုင်ငံမှာ အလုပ်သမားတွေအတွက် အကာအကွယ် ကင်းမဲ့မှုနဲ့ပတ်သက်လို့ ဝေဖန်ပြစ်တင်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ 

နိုင်ငံရဲ့ မငြိမ်မသက်ဖြစ်နေတဲ့ အနောက်တောင်ပိုင်းမှာ မိုင်းလုပ်သားတွေ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ရှီးဟိုက် ဟာဇာရာ လူမျိုးစုဝင်တွေရဲ့ ခြောက်ရက်ကြာ ဆန္ဒပြမှုကတော့ ဇန်နဝါရီ ၈ ရက်မှာ အဆုံးသတ်သွားခဲ့ပါတယ်။ 

အသတ်ခံရတဲ့ မိုင်းလုပ်သားတွေကို မြေမြှုပ်မှုကို ရှီးဟိုက် ဟာဇာရာတွေက ပိတ်ပင်တားမြစ်ပြီး ဆန္ဒပြခဲ့ပြီး ဘလူချစ်စတန် ပြည်နယ်အစိုးရနဲ့အကြား သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီးနောက် ဆန္ဒပြမှုတွေကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ 

အင်အား ၃,၀၀၀ အထိ ရှိတဲ့ ရှီးဟိုက် ဆန္ဒပြသူတွေဟာ ကွက်တာမြို့ရဲ့ အစွန်းအဖျားရှိ လမ်းတစ်ခုကို ပိတ်ဆို့ခဲ့ပြီး ဝန်ကြီးချုပ် အီမရန် ခန်းဆီကနေ အာမခံချက်တွေကို တောင်းဆိုခဲ့ကြပါသေးတယ်။ 

ရှီးဟိုက် ဟာဇာရာ လူနည်းစု အသိုင်းအဝိုင်းမှ မိုင်းလုပ်သား ၁၀ ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်က ဝေးလံတဲ့ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုမှာ သေနတ်သမားတွေရဲ့ ပြန်ပေးဆွဲမှုကို ခံခဲ့ရပါတယ်။ အဲဒီနောက် သေနတ်သမားတွေက ၎င်းတို့ကို အနီးအနားက တောင်ကုန်းတွေပေါ် ခေါ်သွားခဲ့ပြီး အများစုကို သေနတ်နဲ့ ပစ်သတ်ကာ အချို့ကို ခေါင်းဖြတ်သတ်ခဲ့တာဖြစ်ပါတယ်။ 

နိုင်ငံရဲ့ အကြီးဆုံးနဲ့ အဆင်းရဲဆုံးပြည်နယ် ဘလူချစ်စတန်ရဲ့ မြို့တော် ကွက်တာမှာ ရှိတဲ့ ရှီးဟိုက် လူဦးရေရဲ့ အများစုဟာ ဟာဇာရာတွေ ဖြစ်ပါတယ်။ 

အဆိုပါ ဟာဇာရာတွေဟာ ရံဖန်ရံခါဆိုသလို ဆွန်နီ စစ်သွေးကြွတွေရဲ့ ပစ်မှတ်ထားမှုကိုလည်း ခံရတတ်ပြီး ဆွန်နီ စစ်သွေးကြွက ဟာဇာရာတွေကို မိစ္ဆာဒိဋ္ဌိတွေအဖြစ် ရှုမြင်ကြပါတယ်။ 

မိုင်းလုပ်သားတွေ အသတ်ရမှုဖြစ်စဉ်မှာ တိုက်ခိုက်သူတွေကို ဖမ်းဆီးသွားမယ်လို့ အာဏာပိုင်တွေက ကတိပြုခဲ့ပြီး ကျန်ရစ်သူ မိသားစုတွေကို နစ်နာကြေး ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဟာဇာရာတွေအတွက်လည်း ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးဆိုင်ရာ ပံ့ပိုးမှုတွေ လုပ်ပေးသွားမယ်လို့လည်း အာဏာပိုင်တွေက ကတိပြုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly