မင်္ဂလာဈေးဝန်းရှိ ဈေးဆိုင်ခန်းအားလုံး ဇန်နဝါရီ ၁၄ရက် ပြန်ဖွင့်နိုင်ရန်ပြင်ဆင်ထား

မင်္ဂလာဈေးဝန်းရှိ ဈေးဆိုင်ခန်းအားလုံး ဇန်နဝါရီ ၁၄ရက် ပြန်ဖွင့်နိုင်ရန်ပြင်ဆင်ထား

ဇန်နဝါရီ ၁၀ရက်

မင်္ဂလာဈေးဝန်းရှိ ယာယီပိတ်ထားရသည့် ဈေးဆိုင်ခန်းများအား ဇန်နဝါရီ ၁၄ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်ထားကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။

မင်္ဂလာဈေးဝန်း အတွင်းရှိ မင်္ဂလာဈေး(ယာယီ)၊ ရွှေပြည့်စုံဈေး၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေးမှ ဆိုင်ခန်းများအား ပြန်လည်ဖွင့်လှစ်ရန် ဇန်နဝါရီ ၈ရက်နေ့က ဈေးသူဈေးသားတို့၏ ကိုယ်စားလှယ်များ၊ ဈေးတာဝန်ခံများ၊ အခြားတာဝန်ရှိသူများနှင့်အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီး ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ထားကြောင်းသိရသည်။

ဈေးများပြန်လည်ဖွင့်လှစ်နိုင်ရန် မြို့နယ်ကိုဗစ်ကော်မတီနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏သဘောတူညီချက်ရယူရမည်ဖြစ်သည်။လက်ရှိတွင် မြို့နယ်ကိုဗစ်ကော်မတီကတော့ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်အတွင်း ဆောင်ရွက်ပါက ကန့်ကွက်ရန်မရှိကြောင်းသဘောထားမှတ်ချက်ပြုခဲ့ပေမယ့်စည်ပင်သာယာကော်မတီ၏သဘောထားမှတ်ချက်မရသေးပေ။

မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက''ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကျွန်တော်တို့ ၁၄ရက်ဖွင့်မှာ ကိုတင်ပြထားတာကို အချိန်မီ ပြန်ပြီးတော့ သဘောထားပေးရင် ၁၄ရက်နေ့မှာဖွင့်နိုင်မှာပါ” ဟု  ပြောသည်။

ဈေးဆိုင်ခန်းများပြန်လည်ဖွင့်လှစ်သည့်အခါတွင် ဈေးရောင်းချသူများအနေဖြင့် နှာခေါင်းစည်းမတပ်လျှင် သတိပေး၊ ဒဏ်ငွေရိုက်ခြင်းများပြုလုပ်မည်ဖြစ်ပြီး ထိုကဲ့သို့ သုံးကြိမ်ဖြစ်လာပါက ၎င်းဆိုင်အား ရက်အကန့်သတ်မရှိပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

“ဒဏ်ငွေကတော့ နိုင်ငံတော်ကသတ်မှတ်ထားတာပါပဲ။ နှာခေါင်းစည်းမတပ်ရင် ဒဏ်ငွေကတော့ ၂၀၀ ပဲပေါ့။ သို့သော်လည်း ကျွန်တော်တို့က ဘာလို့ဆိုင်ကို ပိတ်မယ်ဆိုတဲ့ အနေအထားထိလုပ်ရလဲဆိုတော့ နှာခေါင်းစည်းတခါ မတပ်ရင် ဒဏ်ငွေက ၂၀၀ပဲလေ။ အဲ့ကျရင် ဒဏ်ငွေ၂၀၀ပေးပြီးတော့ နှာခေါင်းစည်းမတပ်ဘူးဆိုတဲ့ လူတွေကလည်း တွေ့ကောင်းတွေ့လာနိုင်တယ်။ အဲ့ဒါတွေကြောင့် ၃ကြိမ်ထိတော့ ဒီဘက်က သတိပေးတာတွေဘာတွေလုပ်မယ်။ ၃ကြိမ်မှာထပ်ဖြစ်ရင်တော့ ဆိုင်ကိုပိတ်သိမ်းတဲ့အထိ သက်ဆိုင်ရာဌာနကနေပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတာကို လည်း အသိပေးထားပါတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။

COVID-19ကူးစက်မှုများတကျော့ပြန် ပြန်လည်ဖြစ်ပွားလာပြီးနောက် စက်တင်ဘာလမှ စတင်ကာ မင်္ဂလာဈေးဝန်း အတွင်းရှိ မင်္ဂလာဈေး(ယာယီ)၊ ရွှေပြည့်စုံဈေး၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေးများရှိ စားသောက်ကုန်နှင့် ဆေးပစ္စည်းဆိုင်များမှလွဲ၍ အခြားဆိုင်များမှာ ယနေ့အထိ ဖွင့်ခွင့်မရသေးပေ။

ထို့ကြောင့် ဈေးသူဈေးသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးဆိုင်ခန်းများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများအနေဖြင့် စီးပွားရေးအကျပ်အတည်းများ၊ ထိခိုက်နစ်နာမှုများနှင့် ကြုံနေရသည့်အတွက် ယခုကဲ့သို့  ဈေးဆိုင်ခန်းများအား အမြန်ဆုံးပြန်ဖွင့်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့မှလက်ကားဈေးကြီးများဖြစ်သော ပုဂ္ဂလိကပိုင် ယုဇနပလာဇာ နှင့် မင်္ဂလာဈေးရှိဈေးဆိုင်ခန်းများအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း COVID-19 ကူးစက်မှုတစ်ကျော့ ပြန် ဖြစ်ပွားလာသဖြင့် စက်တင်ဘာလတွင်ယာယီပြန်ပိတ်ထားခဲ့ခြင်းဖြစ်သည်။ဈေးများပိတ်ထားသည်မှာ လေးလကျော်ကြာကြီးနောက် ယုဇနပလာဇာအား ၂၀၂၁ခုနှစ် ဇန်နဝါရီ ၆ရက်နေ့မှစတင်ကာ နံနက် ၉နာရီ မှညနေ ၄ နာရီအထိ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly