ဒီမော့ဆိုတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ထပ်မံကြိုးပမ်းမှု ဒေသခံများ စိုးရိမ်

ဒီမော့ဆိုတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ထပ်မံကြိုးပမ်းမှု ဒေသခံများ စိုးရိမ်
ဓာတ်ပုံ - စောသန်းထိုက်ဦး

ဇန်နဝါရီလ ၁၀၊ ၂၀၂၁

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဝါသောခို ကျေးရွာအုပ်စုအတွင်း ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ထပ်မံ ကြိုးစားလာသဖြင့် ဒေသခံ ပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

တစ်နေ့လျှင် တန် ၄,၀၀၀ ထွက်ရှိမည့် ဘိလပ်မြေစက်ရုံကို ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ကွင်းဆင်းလေ့လာခဲ့မှုအား DICA တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြပြီးနောက် စက်ရုံတည်ဆောက်မည့် အနီးအနား ကျေးရွာ ၂၀ ခန့်မှ ဒေသခံများ စိုးရိမ်နေကြခြင်း ဖြစ်သည်။

အဆိုပါ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ရာတွင် ဒေသခံများအား အသိပေးခြင်း မရှိသကဲ့သို့ ကယားပြည်နယ် ခေတ္တ ဝန်ကြီးချုပ်ကိုလည်း အကြောင်းကြားခြင်း မရှိကြောင်း သိရသည်။

ခေတ္တ ပြည်နယ်ဝန်ကြီးချုပ် ဦးဘော့စ်ကိုက “လောလောဆယ် ဒီကျွန်တော် တာဝန်ယူစဉ်ကာလ အတွင်းမှာတော့ လာရောက် တိုင်ပင်တာတော့ မရှိသေးဘူးပေါ့။ ဒါလည်း ကျွန်တော် မသိရသေးပါဘူး” ဟု ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့က ဖြေကြားခဲ့သည်။

ဘိလပ်မြေ စက်ရုံနှင့် နှစ်မိုင်ခန့်အကွာတွင် နေထိုင်သည့် လားလဲ ကျေးရွာဒေသခံ ဦးဗျာရယ်က “ကျွန်တော်တို့ က ထိခိုက်မယ့် ဧရိယာထဲမှာကျတော့ ဒီမှာ ရွာပေါင်း ၂၀ လောက်ရှိတဲ့ အခါကျတော့ သူတို့ အလုပ်ပေးမယ့် ကုမ္ပဏီ လုပ်သား ဘယ်လောက်လဲ၊ ကျွန်တော်တို့ ဒီရွာသားတွေက လူဦးရေ ထောင်နဲ့သောင်းနဲ့ ရှိတဲ့ဟာကို ဘယ်လောက် (အလုပ်) ပေးနိုင်မလဲ။ နောက်ပြီးတော့ ကျွန်တော်တို့ ဒီအခု လုပ်စားနေတဲ့ တောင်ယာတွေ၊ လယ်ယာတွေ၊ ပျက်စီးကုန်တဲ့ အခါကျလို့ရှိရင် ကျွန်တော်တို့ အတွက် ရေရှည်မှာ ဘယ်လိုမျိုး ရပ်တည်မလဲဆိုတဲ့ ရည်ရွယ်ချက်မှာကျတော့ ကျွန်တော်တို့က အများကြီး စိုးရိမ်ရတယ်” ဟု ပြောသည်။

အလားတူ ဘိလပ်မြေ စက်ရုံနှင့် ၃ ဖာလုံခန့် အကွာတွင် နေထိုင်သည့် ဝါသောခို ရွာသစ်မှ ဦးစောအယ်စေးကလည်း “ကျွန်တော်တို့ ကန့်ကွက်တဲ့ အကြောင်းအရင်းက နံပါတ် (၁) ရာသီဥတု ဖောက်ပြန်မယ်။ သဘာဝ တောတောင်တွေ ပျက်စီးမှာပေါ့။ သဘာဝ တောတောင်က ကျွန်တော်တို့ တန်ဖိုးဖြတ်လို့ မရဘူးလေ။ နောက်တစ်ချက် ကျွန်တော်တို့ သားသမီး၊ လေထုညစ်ညမ်းမှု၊ ကာဗွန်ထုတ်လုပ်မှုက ကျွန်တော်တို့အတွက် အများကြီး ရင်ဆိုင်ရတာပေါ့” ဟု ဆိုသည်။

ယင်း ဘိလပ်မြေ စက်ရုံကို လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်က ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများ ကန့်ကွက်ခဲ့သဖြင့် ရပ်နားထားသည့် ညီညာ စွမ်းအား လုပ်ငန်းစု ကုမ္မဏီလိမိတက် (Square Power Group Co.,ltd) က ဆက်လက် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

ညီညာစွမ်းအားလုပ်ငန်းစု ကုမ္ပဏီ လီမိတက်သည် Asia Square Power Co.,Ltd, Golden Gate International Co.,Ltd, Happy Cook Manufacturing Co.,Ltd, New Step Services နှင့် TOM International Co.,Ltd တို့နှင့် ပါဝင်ဖွဲ့စည်းထားသည်။  

အဆိုပါ ကုမ္ပဏီ လီမိတက်သည် စက်ရုံ တည်ဆောက်ရန် မြေဧက ၅၀၀ နှင့် ထုံးကျောက်ကုန်ကြမ်း ထုတ်လုပ်ရန်အတွက် ထုံးကျောက်တောင် ဧက ၇၀၀ အသုံးပြုခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ၂၀၁၁ နှစ်ကုန်ပိုင်းတွင် ရရှိထားကြောင်း ကယားပြည်နယ် လူ့အခွင့်အရေးနှင့် သဘာဝဝန်းကျင် ဆိုင်ရာအခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု ကွန်ရက် (KEAN) ၏ မှတ်တမ်းအရ သိရသည်။

KEAN အဖွဲ့မှ ရေးသားဖော်ပြချက်အရ ၎င်းလုပ်ငန်းအစုအဖွဲ့တွင် ပါဝင်ပတ်သက်သော ရင်းနှီးမြှုပ်နှံသူများသည် ယခင်စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီးများနှင့် ပါဝင်ပတ်သက်သော မိသားစုဝင်များနှင့် ဆက်စပ်သူများ ဖြစ်ကြပြီး စီမံကိန်းနောက်ကွယ်မှ ပါဝင်ပတ်သက်နေသူများ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly