ထိုင်ဝမ်နှင့် အဆက်အသွယ် လုပ်ခြင်းအပေါ် ကန့်သတ်ချက်များ အမေရိကန် ရုပ်သိမ်းမည်  

ထိုင်ဝမ်နှင့် အဆက်အသွယ် လုပ်ခြင်းအပေါ် ကန့်သတ်ချက်များ အမေရိကန် ရုပ်သိမ်းမည်  

ဇန်နဝါရီ ၁၀

အမေရိကန်နိုင်ငံသည် ထိုင်ဝမ်နှင့် ဆက်သွယ်မှုအပေါ် ရေရှည်ကန့်သတ်ထားခဲ့ခြင်းအား ရုပ်သိမ်းလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မိုက်ပွန်ပဲယိုက ပြောသည်။  

အဆိုပါ ကိုယ်တိုင် ပြဋ္ဌာန်းထားသည့် ကန့်သတ်ချက်များသည် ထိုင်ဝမ်ကျွန်းအား ၎င်းပိုင်ဟု အတည်ပြုထားသည့် ပြည်မတရုတ်အစိုးရကို ချွေးသိပ်ရန်အတွက် ဆယ်စုနှစ်များစွာ ချမှတ်ထားခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

လက်ရှိတွင် အဆိုပါ စည်းမျဉ်းကန့်သတ်ချက်များ ပျက်ပြယ်ပြီး တရားမဝင် ဖြစ်ပြီဖြစ်သည်။  

ယခုကဲ့သို့ အမေရိကန်၏ လုပ်ဆောင်ချက်သည် တရုတ်အတွက် အမျက်ထွက်စရာ ဖြစ်လာနိုင်သကဲ့သို့ ဝါရှင်တန်နှင့် ပေကျင်းအကြား တင်းမာမှုများ မြင့်မားလာနိုင်သည်။  

ဂျိုးဘိုင်ဒင်က သမ္မတအဖြစ် ဇန်နဝါရီ  ၂၀ တွင် ကျမ်းသစ္စာ မဆိုမီ ထရမ့်အစိုးရ၏ နောက်ဆုံးရက်များတွင် ယခုကဲ့သို့ လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။  

တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ခွဲထွက်ပြည်နယ် တစ်ခုအဖြစ်သာ ရှုမြင်သော်လည်း ထိုင်ဝမ်ခေါင်းဆောင်က အချုပ်အခြာပိုင် နိုင်ငံတစ်နိုင်ငံသာ ဖြစ်သည်ဟု ချေပထားသည်။  

တရုတ်နှင့် ထိုင်ဝမ်အကြား၌ ဒေါသသင့်သည့် ဆက်ဆံရေး ရှိနေပြီး အတောမသတ်နိုင်သော တိုက်ပွဲခြိမ်းခြောက်သံများက ထိုင်ဝမ်၏ မဟာမိတ် အမေရိကန်ကိုပါ ရိုက်ခတ်လာခဲ့သည်။  

အမေရိကန် သံတမန်များနှင့် ထိုင်ဝမ် အဆင့်တူများကြား ဆက်သွယ်ဆက်ဆံမှုများကို ကန့်သတ်သည့် ရှုပ်ထွေးသော အကန့်အသတ်များကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ချမှတ်ခဲ့သည်ဟု ပွန်ပဲယိုက စနေနေ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။  

“ဒီနေ့မှာတော့ ကျွန်တော် ကြေညာပါပြီ။ အဲဒီ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ အားလုံးကို ကျွန်တော် ရုပ်သိမ်းနေပြီ” ဟု ၎င်းက ပြောသည်။  

“ကျွန်တော်တို့ရဲ့ အမြဲတမ်း ဗျူရိုကရေစီဆန်နေတဲ့ ကိုယ်တိုင်ချမှတ်ထားတဲ့ ဒီ ကန့်သတ်ချက်တွေဟာ အမေရိကန်နဲ့ ထိုင်ဝမ် ဆက်ဆံရေးမှာ မလိုအပ်ဘူး၊ ရှိမနေသင့်ဘူး။ ပြီးတော့ အချုပ်အနှောင် ဖြစ်မနေသင့်ဘူး ဆိုတာကို ဒီနေ့ ထုတ်ပြန်ချက်က အသိအမှတ်ပြုလိုက်တာပဲ” ဟု ပွန်ပဲယိုက ပြောခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly