အမေရိကန် ကွန်ဂရက်လွှတ်တော် ဝန်းကျင်မှာ လုံခြုံရေး တိုးမြှင့်ထား  

အမေရိကန် ကွန်ဂရက်လွှတ်တော် ဝန်းကျင်မှာ လုံခြုံရေး တိုးမြှင့်ထား  
Photo - AFP

ဇန်နဝါရီ ၁၀ 

အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အအုံထဲကို သမ္မတ ဒေါ်နယ်ထရမ့် ထောက်ခံလိုလားတဲ့ လူအုပ်တစ်စုက ဝင်ရောက်စီးနင်းခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားပြီး သုံးရက်အကြာ ဝါရှင်တန်ဒီစီမှာရှိတဲ့ အဆိုပါ လွှတ်တော်အဆောက်အအုံ အနီးတစ်ဝိုက်မှာ အမေရိကန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် စစ်သားတွေ ချထားပြီး လုံခြုံရေး တိုးမြှင့်ထားပါတယ်။  

ဒါ့အပြင် လွှတ်တော် အဆောက်အအုံထဲ ဥပဒေမဲ့ အတင်း ကျူးကျော်ဝင်ရောက်မှု ဖြစ်စဉ်နဲ့ပတ်သက်လို့ ဖမ်းဆီးမှုတွေနဲ့ တရားစွဲဆိုမှုတွေ ထပ်မံ လုပ်ဆောင်ထားတယ်ဆိုပြီး အာဏာပိုင်တွေက ဇန်နဝါရီ ၉ ရက်မှာ ထုတ်ဖော်ကြေညာခဲ့ပါတယ်။  

အဲဒီလို ဖမ်းဆီး တရားစွဲခံရသူတွေထဲမှာ ကမ္ဘာတဝန်း ရုပ်သံမီဒီယာတွေမှာ မြင်တွေ့ခဲ့ရတဲ့ ဦးချိုတပ် ဦးထုပ်ဆောင်းထားပြီး ရင်ဘတ်မှာ တက်တူးထိုးထားတဲ့ အမျိုးသားတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။  

ဂျက်ကော့ဘ် အန်တိုနီ ချန်စလေး အမည်ရ အဆိုပါ အမျိုးသားနဲ့ အခြား လူနှစ်ဦးတို့ကိုတော့ အကြမ်းဖက်မှုနဲ့ ဆက်နွယ်ပတ်သက်ပြီး ဖက်ဒရယ်တရားရုံးမှာ တရားစွဲထားတယ်လို့ ဝါရှင်တန်ဒီစီဆိုင်ရာ အမေရိကန်ရှေ့နေရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။  

ချန်စလေးကိုတော့ ဥပဒေနဲ့ညီညွတ်တဲ့ အခွင့်အာဏာ မရှိဘဲ တားမြစ်ကန့်သတ်ထားတဲ့ အဆောက်အအုံ ဒါမှမဟုတ် အဝန်းအဝိုင်းထဲ ဝင်ရောက်မှု ဒါမှမဟုတ် ဆက်ရှိနေမှု၊ ကွန်ဂရက် လွှတ်တော်တွင်းမှာ အကြမ်းဖက်ဝင်ရောက်ပြီး စည်းမဲ့ကမ်းမဲ့ ပြုမှုခဲ့မှုတို့နဲ့ စွဲချက်တင်ထားပါတယ်။  

ချန်စလေးကတော့ မီဒီယာတွေမှာ မြင်တွေ့ခဲ့ရတဲ့အတိုင်း လွှတ်တော်ဝင်စီးခဲ့တဲ့ ဖြစ်စဉ်မှာ ဦးချိုတွေပါ ဝက်ဝံသားရေ ခေါင်းဆောင်းတစ်ခု ဆောင်းထားတဲ့၊ မျက်နှာမှာ အနီ၊ အဖြူ၊ အပြာ ဆေးခြယ်ထားတဲ့၊ အင်္ကျီမပါဘဲ ဘောင်းဘီရှည်ဝတ်ထားတဲ့၊ အမေရိကန်အလံတစ်ခု တွဲချည်ထားတဲ့ လှံတံတစ်ချောင်း ကိုင်ထားတဲ့ အမျိုးသားဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကြောင်း သိရပါတယ်။  

ချန်စလေးရဲ့ ပုံပန်းသဏ္ဍာန်ဟာ အဆိုတော် Jay Kay နဲ့ တူနေခဲ့လို့ ကမ္ဘာတစ်ဝန်း ဆိုရှယ်မီဒီယာပေါ်မှာ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့တာကြောင့်လည်း Jamiroquai အဖွဲ့ရဲ့ ရှေ့ထွက်အဆိုတော်ဟာ လွှတ်တော်ကို ထရမ့်လိုလားတဲ့လူအုပ် ဝင်စီးခဲ့ချိန်က သူဟာ ဝါရှင်တန် အနီးအနားမှာ ရှိမနေခဲ့ပါဘူးဆိုပြီး ထုတ်ပြန်ချက် ထုတ်ခဲ့ရပါသေးတယ်။  

ဆာတန်မာရ်နတ် ကိုးကွယ်တဲ့ ကလေးသူငယ် ကာမစိတ် ယိမ်းညွတ်မှုရှိသူတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ အစွဲအလမ်း တစ်ခုအပေါ် ထရမ့်က လျှို့ဝှက်စစ်ပွဲတစ်ခု ဆင်နွှဲနေတယ်ဆိုတဲ့ လက်ယာစွန်း ကျူအန်နန် သီအိုရီတစ်ခုရဲ့ “ဒစ်ဂျစ်တယ် စစ်သား” တစ်ဦး ဖြစ်တယ်လို့ ချန်စလေးက သူ့ကိုယ်သူ ထုတ်ဖော်ပါတယ်။  

အခြား ဖမ်းဆီးစွဲချက်တင်ခံရတဲ့ အမျိုးသားနှစ်ဦးကတော့ အသက် ၃၅ နှစ်အရွယ် ဒါးရစ်ခ် အီဗန်စ်နဲ့ အသက် ၃၆ နှစ်ရှိ အဒမ် ဂျွန်ဆင်တို့ ဖြစ်ပါတယ်။ အီဗန်စ်ကတော့ အနောက် ဗာဂျီးနီးယားပြည်နယ် အောက်လွှတ်တော်မှာ မကြာခင်ကမှ ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါတယ်။  

လွှတ်တော်ထဲ ကျူးကျော်ဝင်ခဲ့သူ အများအပြားကတော့ ထူးထူးခြားခြား မှတ်မိအောင် လုပ်ဆောင်ခဲ့ကြခြင်း မရှိပါဘူး။ 

အီဗန်စ်ဟာ လွှတ်တော်ထဲ ဝင်စီးခဲ့ချိန်က တံခါးဝင်ပေါက်တစ်ခုကို ဖြတ်ခဲ့ချိန် အော်ဟစ်နေခဲ့တာကို ဗီဒီယိုထဲမှာ တွေ့ခဲ့ရတယ်လို့ အမေရိကန် ရှေ့နေရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ငါတို့ အထဲကို ရောက်နေပြီ၊ ဒါးရစ် အီဗန်စ် လွှတ်တော်ထဲမှာ ရောက်နေပြီ” လို့ ၎င်းက အော်ဟစ်နေခဲ့တယ်လို့ သိရပါတယ်။  

ဂျွန်ဆင်ကတော့ လွှတ်တော်ထဲ ဝင်ခဲ့ချိန် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီရဲ့ စာခုံကို ကိုင်ထားပြီး ကင်မရာဘက် ပြုံးပြလက်ဝှေ့ယမ်းပြနေတာကို ဓာတ်ပုံတွေထဲမှာ မြင်တွေ့ခဲ့ရပါတယ်။  

ဗုံးတွေ လက်ဝယ်ပိုင်ဆိုင်ထားမှုနဲ့ စွပ်စွဲခံထားရတဲ့ အမျိုးသားတစ်ဦး အပါအဝင် အခြားလူ ၁၅ ဦးကိုလည်း လွှတ်တော်ထဲ ကျူးကျော်ဝင်ရောက်မှုအတွက် တရားစွဲထားတယ်လို့ အမေရိကန် တရားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly