နေပြည်တော်သို့ တရားမဝင်လမ်းများမှဝင်ရောက်လာသူများကို သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်

နေပြည်တော်သို့ တရားမဝင်လမ်းများမှဝင်ရောက်လာသူများကို သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်
ဓာတ်ပုံ - အောင်မြတ်သူ/မဇ္ဈိမ

နေပြည်တော်၊ ဇန်နဝါရီ ၉

နိုင်ငံတော်သမ္မတ တိုက်ရိုက်အုပ်ချုပ်တဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို တရားမဝင်လမ်းတွေကနေ ဝင်ရောက်လာသူမှန်သမျှကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားတော့မှာဖြစ်တယ်လို့ နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့ကနေစပြီးတော့ နေပြည်တော်ကောင်စီရဲ့ကျန်းမာရေးစစ်ဆေးဖို့ တရားဝင်ဖွင့်လှစ်ထား တဲ့ဂိတ်တွေက ဝင်ရောက်မှုမရှိဘဲ တခြားသောတရားမဝင်လမ်းတွေကနေဝင်ရောက်လာသူ၊ ပို့ဆောင်လာသူနဲ့၊ လက်ခံထားရှိသူတွေကို အဆိုပါဥပဒေနဲ့အရေးယူဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကောင်စီရဲ့ ကိုဗစ်-၁၉ စည်းကမ်းချက်နဲ့ပတ်သက်ပြီး အမိန့်တစ်စုံတရာ ထပ်မံမထုတ်ပြန်မချင်း ပထမထုတ်ပြန်ထားတဲ့ အမိန့်ကသာ အတည်ဖြစ်မယ်လို့လည်း ဆိုပါတယ်။

လက်ရှိနေပြည်တော်မှာတော့ သက်ဆိုင်ရာမြို့နယ်ဆရာဝန်တွေကနေ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေနဲ့ တရားစွဲထားတဲ့မှုပေါင်းက နှစ်ဆယ်ကျော်ရှိတယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“ကျွန်တော်တို့တစ်လ တစ်လပေါ့ဗျာ။ နေပြည်တော်ကို ခိုးဝင်(တရားမဝင် ဝင်ရောက်)တဲ့ လူတော်တော်များ ပါတယ်။ တစ်လ တစ်လကို လေးရာ၊ငါးရာ အဲ့လိုမျိုးဝင်ပါတယ်။ အဲ့လိုမျိုးဝင်တဲ့အခါကျတော့ ကျွန်တော်တို့က ဘာလဲဆိုတဲ့အခါကျတော့ ကွာရန်တင်းကိုထည့်တယ်။စီမံခန့်ခွဲမှုနည်းလမ်းနဲ့ကွာရန်တင်းထည့်တယ်။ဒီ ပြန် လွှတ်တယ်ပေ့ါလေ။ တချို့ကျတော့လည်း ဒီထက်ပိုပြီးတော့ ဥပဒေချိုးဖောက်တာတို့ လက်မှတ်အတုတွေ လုပ်တာတို့ ဒါမျိုးတွေကျတော့ ကျွန်တော်တို့ ကွာရန်တင်းရှောင်လွှဲတာပေါ့။ထွက်ပြေးတာ။ဒါမျိုးဆိုရင်တော့ ကျွန်တော်တို့ အရေးယူပါတယ်။ အဲ့တာကြောင့် နေပြည်တော်ကောင်စီက ဒါကိုအရှိန်အဟုန်မြှင့်ဖို့ဆိုပြီးတော့ ညွှန်ကြားတဲ့အတွက် မြို့နယ်တွေမှာ ထပ်ပြီးတော့ အသိပေးတာဖြစ်ပါတယ်ခင်ဗျ။”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

လက်ရှိနေပြည်တော်မှာတော့ လယ်ဝေးမြို့နယ်နဲ့ တပ်ကုန်းမြို့နယ်က တရားမဝင်လမ်းတွေက ဝင်ရောက်သူတွေဟာ အများဆုံးဖြစ်နေပြီး စက်တင်ဘာလကနေ ပြုစုထားတဲ့စာရင်းတွေအရ လယ်ဝေးမြို့နယ်မှာ တစ်လကို တရားမဝင် ဝင်ရောက်လာသူ ၂၀၀နဲ့ ၃၀၀ကြားရှိတယ်လို့ လယ်ဝေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးမှူးအဆင့်(၁)ဦးကျော်မိုးက ဆိုပါတယ်။

အဆိုပါ တရားမဝင်လမ်းတွေကနေဝင်ရောက်လာသူတွေကိုတော့ သက်ဆိုင်ရာရပ်ကွက်ကျေးရွာတွေက အကြောင်းကြားတာကြောင့် သက်ဆိုင်ရာကွာရန်တင်းစင်တာတွေကို ပို့ဆောင်ပေးရတယ်လို့ ဦးကျော်မိုးက ရှင်းပြပါတယ်။

“မနေ့က အစည်းအဝေးဆုံးဖြတ်ချက်ထဲမှာကျတော့ မြို့နယ်ထွေအုပ်မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရယ်၊ မြို့နယ်ဆေးရုံ အုပ်ရယ် ကျွန်တော်ရယ်ပါ။ အစည်းအဝေးထိုင်တော့ ဘယ်လိုပုဒ်မနဲ့လဲဆောင်ရွက်မလဲဆုံးဖြတ်တော့။ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မထဲမှာ ၂၅နဲ့ပုဒ်မ ၃၀(က)ဆိုပြီး နှစ်မျိုးရှိတယ်။ ပုဒ်မ ၂၅ ကအာမခံမရဘူး။ ပြစ်ဒဏ်ကကြီးတယ်။ အဲ့တော့ပြစ်ဒဏ်ကြီးတယ်။အာမခံ မရဘူး။နောက်တစ်ခုက ပုဒ်မ ၃၀(က)ဆိုလို့ရှိရင် အာမခံပေးလို့ရတယ်။ ပြစ်ဒဏ်ကလည်း တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ငွေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရပ်လုံးဖြစ်စေချနိုင်တယ်ပေါ့။အဲ့လိုစဉ်းစားဆောင်ရွက်တော့ပြည်သူတွေခိုးဝင်တာကိုလျော့ပါးအောင်သာလုပ်ချင်တာ။ သူတို့ကိုလည်းစားရေးသောက်ရေးနဲ့ လုံးပန်းနေရတဲ့အခါကျတော့ ဒုက္ခမရောက် စေချင်တဲ့အတွက်လျော့ပေါ့တဲ့ ပြစ်ဒဏ်ပေါ့ ပုဒ်မ ၃၀(က)နဲ့ပဲ အမှုဖွင့်ဆောင်ရွကိဖို့ ဆုံးဖြတ်ချက် ချလိုက် တာပါ။” လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးမှူးအဆင့်(၁)ဦးကျော်မိုးက ပြောပါတယ်။

လက်ရှိမှာတော့ နေပြည်တော်ထဲကို တရားမဝင်လမ်းတွေကနေဝင်ရောက်လာသူတွေထဲကနေပြီးတော့ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူတွေလည်းရှိနေတယ်လို့ နေပြည်တော်မှာကွာရန်တင်း Officer အဖြစ်ဆောင်ရွက်နေတဲ့  နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာမင်းမင်းဦးကပြောပါတယ်။

နေပြည်တော်ကိုလာရောက်လိုသူတွေအနေနဲ့ Stay at home ဒေသကလာရင်ကွာရန်တင်း ၁၄ရက်အတွင်းမှာ ဆေးစစ်ချက် နှစ်ကြိမ်ယူမှာဖြစ်ပြီး၊ Stay at home မဟုတ်တဲ့ဒေသကလာရင်တော့ကွာရန်တင်း သုံးရက်တွင်း ဆေးစစ်ချက် နှစ်ကြိမ်ယူမှာလည်းဖြစ်ပါတယ်။

နေပြည်တော်ကောင်စီရဲ့ ဇန်နဝါရီ ၈ရက်နေ့ထုတ်ပြန်ချက်အရ နေပြည်တော်မှာ အတည်ပြုလူနာ ၁၀၉၄ဦး၊ သေဆုံးသူ ခုနှစ်ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၆၆၀ဦးထိရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required