ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးအတွက် စီးပွားရေးလုပ်ငန်းရှင်အချို့ လှုဒါန်းမှု အမေရိကန်ဒေါ်လာ ၄ သန်းအထိရှိလာ

ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးအတွက် စီးပွားရေးလုပ်ငန်းရှင်အချို့ လှုဒါန်းမှု အမေရိကန်ဒေါ်လာ ၄ သန်းအထိရှိလာ

ရန်ကုန်၊ ဇန်နဝါရီ ၉

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးအတွက် စီးပွားရေးလုပ်ငန်းရှင်အချို့မှာ ထည့်ဝင်လှူဒါန်းသည့် အလှုငွေမှာ အမေရိကန်ဒေါ်လာ လေးသန်းအထိရှိလာပြီဖြစ်ကြောင်းသိရသည်။

ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးအတွက် လှုဒါန်းနိုင်ကြောင်း အစိုးရက ကြေငြာပြီးနောက်  စီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဧဒင်စီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်မှ မွေးနေ့အလှူအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းခွဲ၊ မက်စ်မြန်မာကုမ္ပဏီလုပ်ငန်းစုမှ ဦးဇော်ဇော် တည်ထောင်သည့် ဧရာဝတီ ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ တစ်သန်းခွဲနှင့် ညီမျှသည့် ငွေကျပ် နှစ်ဘီလျံ၊  ဦးကိုကိုကြီး၏ Capital Diamond Star Group မှ အမေရိကန်ဒေါ်လာ တစ်သန်းတို့ကို လှုဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးဝယ်ယူရေးအစီအစဉ်အတွက် ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းလိုသူများရှိနေသဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလှူငွေကျပ် သိန်း ၁ဝဝ  မတည်ထားပြီး အလှုငွေ ကျပ်သိန်း ၁ဝဝဝ ပြည့်သည့်အခါတိုင်း အစိုးရထံ လွှဲပြောင်းလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ဖောင်ဒေးရှင်း၏ Operation Manager ဦးထွန်းလှစိုးက မဇ္ဈိမကို ပြောသည်။

 “အလှူရှင်တွေကနေ ကျွန်တော်တို့ကို မေးလာတယ်။ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လက်ခံပေးနိုင်မလားဆိုပြီး။ ဆိုလိုတာကတော့ မြန်မာ့စီးပွားရေးဘဏ်မှာ တန်းစီပြီးတော့ ဖြစ်မှာစိုးတာရယ်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အွန်လိုင်းကနေ လှူလို့ ရတာကြောင့်ပါ။ ပြည်တွင်းပြည်ပအလှူရှင်တွေပါပါတယ်။ စင်ကာပူရောပေါ့။ အလှူငွေရရှိမှုကိုလည်း ကြေညာပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကလည်း ကာကွယ်ရေးဝယ်ယူရန် ကျပ်သိန်းငါးရာလှူဒါန်းသွားမည်ဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များအနေဖြင့် မိမိတတ်နိုင်သည့်အတိုင်းအတာဖြင့် ထည့်ဝင်လှူဒါန်းကြရန် တိုက်တွန်းထားကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်သည့်  ဦးဝဏ္ဏရွှေက ပြောသည်။

“အခု ဒီကိုဗစ်နဲ့ ပတ်သက်လို့ ဒါအားလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် ကူညီဖို့ လိုတယ်ဆိုပြီးတော့ အများပြည်သူကို ကူညီနိုင်အောင်ဆိုပြီး ကျွန်တော်တို့က သိန်း ၅ဝဝ လှူဒါန်းတယ်ပေါ့နော်။ ကျွန်တော်တို့ ဘာသာဝင်တွေကိုလည်းပဲ မွန်မြတ်တဲ့ ကုသိုလ်ရနိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် လှူဒါန်းဖို့အတွက် မေတ္တာရပ်ခံစာထုတ်ထားပါတယ်။ နောက်နီးစပ်တဲ့ ကျွန်တော်တို့ မိတ်ဆွေလုပ်ငန်းရှင်တွေကိုလည်း ဆော်သြတိုက်တွန်းသွားမှာပါ” ဟု ၎င်းက ပြောသည်။

တပ်မတော်မှလည်း ကာကွယ်ဆေးဝယ်ယူရေးအတွက် ပထမအကြိမ်အဖြစ် ငွေကျပ်သန်း ၁၀၀၀ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေကို နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံခြားငွေစာရင်း၌ အမေရိကန်ဒေါ်လာ သန်း ၂၅ဝ နှင့် မြန်မာငွေစာရင်း၌ ငွေကျပ် သန်း ၁ဝဝဝ ကို မတည်ငွေအဖြစ် ထည့်ဝင်ထားပြီး ပြည်တွင်း၊ ပြည်ပမှ ပြည်သူများ၊ အဖွဲ့အစည်းများက ပါဝင် လှူဒါန်းနိုင်ကြောင်း ဇန်နဝါရီလ ၅ ရက်တွင် အစိုးရက ထုတ်ပြန်သည်။

ပြည်သူ ၁၅ သန်းစာအတွက် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် အစိုးရချင်းသဘောတူလက်မှတ်ရေးထိုးထားပြီး ဖေဖော်ဝါရီလတွင် စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁ ရက်က ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required