တောင်ပုံရာပုံ ပလတ်စတစ်အမှိုက်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ ဘာလီကျွန်း

တောင်ပုံရာပုံ ပလတ်စတစ်အမှိုက်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ ဘာလီကျွန်း
Photo - AFP

ဇန်နဝါရီလ ၉ ၊ ၂၀၂၁

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက နာမည်ကြီး ကူတာကမ်းခြေမှာ ညစ်ညမ်းမှုတွေ ဖြစ်နေရတဲ့ တောင်ပုံရာပုံ ပလတ်စတစ် အမှိုက်တွေကို ကူညီရှင်းလင်းပေးဖို့ စေတနာ့ဝန်အုပ်စုတွေနဲ့ မြေကော်ဝန်ချီစက်တွေကို လုပ်အားပေး စေခိုင်းနေရပါတယ်။ 

နှစ်စဉ် မိုးရာသီတိုင်းမှာ ပလတ်စတစ်ဘူးတွေ၊ သံဘူးတွေနဲ့ အမှိုက်တွေဟာ ကျွန်းစုရဲ့ စိမ်းပြာပြာ ရေပြင်နဲ့ ကမ်းခြေတွေဆီ လာတင်စုပုံတာကြောင့် ရေထုညစ်ညမ်းမှုမှာ အင်ဒိုနီးရှားဟာ တရုတ်ပြီးရင် ကမ္ဘာမှာ ဒုတိယအဆိုးဆုံး နိုင်ငံအဖြစ် ရောက်ရှိပါတော့တယ်။ 

ဒါပေမယ့် မကြာသေးတဲ့ သီတင်းပတ်တွေမှာတော့ ကပ်ဘေးကြောင့် ခရီးသွားဧည့်သည် မရှိသလောက် အခြေအနေကနေ ဘာလီရဲ့ အထင်ကရ ကမ်းခြေတွေဟာ အမှိုက်ပုံကြီးတွေအဖြစ် ရှိလာတဲ့ အခြေအနေအထိ ဆိုက်ရောက်လာ‌ပါတော့တယ်။ 

သန့်ရှင်းရေးအဖွဲ့တွေဟာ ကျွန်းအနှံ့မှာ နေ့စဉ် အမှိုက်တန်ချိန် ၂၀၀ ကို လှည်းကျင်းသိမ်းဆည်းနေရပါတယ်။ 

ဒါဇင်ဝက်မက မြေကော်ဝန်ချီစက်တွေနဲ့လည်း အမှိုက်တွေကို ကော်ယူရှင်းလင်းနေပေမယ့် လုပ်ရမယ့် အမှိုက်ရှင်းလင်းရေး လုပ်ငန်းကတော့ တကယ့်ကိုပဲ ဧရာမဝန်ကြီးတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ 

“လူဝွေကတော့ ချက်ချင်းကို အမှိုက်တွေ ပြောင်ရှင်းသွားတာကို မြင်ချင်ကြတယ်။”လို့ ဌာနေသဘာဝပတ်ဝန်းကျင်အေဂျင်စီ အကြီးအကဲ အိုင်ဝေယန်ပူဂျာက ပြောပါတယ်။ 

“ဒေသခံတွေနဲ့ ဟိုတယ်ဝန်ထမ်းတွေ အမှိုက်ကောက် ရှင်းလင်းရာမှာ ပါလာတဲ့အတွက် ကျေးဇူးတင်ရတယ်။ ဒါပေမယ့် အင်အားကတော့ နည်းတာပေါ့ဗျာ။”ဆိုပြီး သူက ဆိုပါတယ်။ 

အခု အမှိုက်တွေရဲ့ တော်တော်များများဟာ အားလပ်ရက် အပန်းဖြေကျွန်း ပြင်ပကနေ ရောက်လာတာဖြစ်ပုံရတယ်လို့ ပလတ်စတစ်ဘူးတွေနဲ့ အခြား အမှိုက်တွေကို ဆန်းစစ်ပြီးနောက်မှာ ပူဂျာက ပြောပါတယ်။ 

အခုနှစ်မှာတော့ နိုင်ငံရဲ့ ပင်လယ်အမှိုက်သရိုက်တွေကို ဂြိုဟ်တုသုံးပြီး ခြေရာခံတဲ့ ကမ္ဘာ့ဘဏ် ကျောထောက်နောက်ခံပေးတဲ့ စီမံကိန်းကို အင်ဒိုနီးရှားက စတင်ဆောင်ရွက်ပြီလည်း ဖြစ်ပါတယ်။ 

ခြေရာကောက်တာအရတော့ မြို့တော့ ဂျကာတာက အမှိုက်တွေဟာ ကီလိုမီတာ ၁၁၀၀ ခန့်(မိုင် ၆၈၀) ဝေးတဲ့ ဘာလီက ကမ်းခြေတွေဆီ ရေမျောရောက်ရှိလာတာကို တွေ့ရှိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required