နိုင်ငံစည်းလုံးညီညွတ်ဖို့ က အဓိကရည်မှန်းချက်ဖြစ်ကြောင်း  ဘိုင်ဒင်ပြော 

နိုင်ငံစည်းလုံးညီညွတ်ဖို့ က အဓိကရည်မှန်းချက်ဖြစ်ကြောင်း  ဘိုင်ဒင်ပြော 
Photo - AFP

ဇန်နဝါရီ ၈  

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုထောက်ခံသူတွေ လွှတ်တော်ကို ဝင်ရောက်စီးနင်းပြီးတဲ့နောက် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က သူ့ရဲ့ အဓိကရည်မှန်းချက်ဟာ နိုင်ငံစည်းလုံးညီညွတ်ဖို့ဖြစ်တယ်လို့ ဇန်နဝါရီ ၈ ရက်က ပြောလိုက်ပါတယ်။  

ဒဲလာဝဲလ်ပြည်နယ် ဝစ်လ်မင်တန်မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဘိုင်ဒင်က လွှတ်တော်အတွင်း ဝင်ရောက်စီးနင်းခဲ့သူတွေကို ပြည်တွင်းအကြမ်းသမားတွေလို့ သုံးနှုန်းခဲ့ပြီး သူတို့ကို တရားစွဲဆိုသင့်တယ်လို့ ပြောပါတယ်။ 

ဘိုင်ဒင်က “လွှတ်တော်အဓိကရုဏ်းကိစ္စကို သေချာ စုံစမ်းစစ်ဆေးရပါမယ်။  ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့တဲ့ တာဝန်ရှိအာဏာပိုင်တွေလည်း အပြည့်အဝ တာဝန်ခံရပါမယ်။ ဒါမျိုး နောက် ဘယ်တော့မှမဖြစ်အောင် လုပ်ရပါမယ်။ ကျွန်တော်အစကတည်းက ပြောခဲ့သလိုပဲ ကျွန်တော့်ရဲ့ အဓိကရည်မှန်းချက်က ဒီနိုင်ငံ့ စည်းလုံးညီညွတ်ဖို့ပါ" လို့ ပြောပါတယ်။ 

ဘိုင်ဒင်ဟာ သူ့ရဲ့ အလုပ်သမားအင်အား စီးပွားရေးအသင်းအဖွဲ့ရဲ့ နောက်ဆုံးအဖွဲ့ဝင်တွေကို သောကြာနေ့က မိတ်ဆက်ပေးခဲ့ပြီး ရုန်းကန်နေရတဲ့ မိသားစုတွေနဲ့ စီးပွားရေးလုပ်ငန်းငယ်တွေကို ပိုမိုထောက်ပံ့ပေးသွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။ 

ထရမ့်ထောက်ခံသူတွေက လွှတ်တော်ထဲစီးနင်းပြီးတဲ့နောက် ဥပဒေပြုအမတ်တွေက ဘိုင်ဒင်အနိုင်ရမှုကို အတည်ပြုပြီးတစ်ရက်အကြာမှာပဲ ကပ်ရောဂါကြောင့် ချွတ်ခြုံကျခဲ့တဲ့စီးပွားရေးအတွက် ထောက်ပံ့ရေးအစီအစဉ်တစ်ခုကို လာမယ့်သီတင်းပတ်မှာပဲ ဖော်ဆောင်သွားမယ်လို့ ဘိုင်ဒင်က ကြေညာခဲ့ပါတယ်။ 

အခွန်ထမ်းပြည်သူတွေအတွက် ငွေသားတိုက်ရိုက်ပေးအပ်မှုနဲ့ အနည်းဆုံးလုပ်ခလစာကို တစ်နာရီ ၁၅ ဒေါ်လာသို့ တိုးမြှင့်ခြင်းအပါအဝင် ကဏ္ဍအတော်များများကို လွှမ်းခြုံတဲ့ ထောက်ပံ့မှုကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ဘိုင်ဒင်ကပြောပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာက လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ နိုင်ငံသားတွေကို ဒေါ်လာ ၆၀၀ ပေးအပ်မှုက လုံလောက်မှုမရှိကြောင်းနဲ့ ဒေါ်လာ ၂ ၀၀၀ ငွေသားတိုက်ရိုက်ပေးအပ်မှုအပါအဝင် မိသားစုတွေနဲ့ လုပ်ငန်းငယ်တွေအတွက် တိုက်ရိုက်ကူညီထောက်ပံ့မှုတွေလုပ်ပေးဖို့ လိုတယ်လို့ ဘိုဒင်က ဆိုပါတယ်။ 

ပြည်နယ်နဲ့ဒေသအစိုးအရတွေအနေနဲ့ ဆရာ/ဆရာမတွေ၊ ရဲအရာရှိတွေနဲ့ မီးသတ်သမားတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ ကျောင်းတွေ ဘေးကင်းစွာပြန်ဖွင့်ဖို့ ငွေကြေးလိုအပ်ကြောင်းလည်း ဘိုင်ဒင်ကပြောပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required