အိုင်အက်စ် အသတ်ခံရသူတွေကို မြေမမြှုပ်တဲ့ ဟာဇာရာရှီးယိုက်တွေရဲ့ ဆန္ဒပြမှုက အကျပ်ကိုင်တာပဲလို့ ပါကစ္စတန် ဝန်ကြီးချုပ် ပြော 

အိုင်အက်စ် အသတ်ခံရသူတွေကို မြေမမြှုပ်တဲ့ ဟာဇာရာရှီးယိုက်တွေရဲ့ ဆန္ဒပြမှုက အကျပ်ကိုင်တာပဲလို့ ပါကစ္စတန် ဝန်ကြီးချုပ် ပြော 
Photo - AFP

ဇန်နဝါရီလ ၉ ၊ ၂၀၂၁

ပါကစ္စတန်နိုင်ငံမှာ အိုင်အက်စ်တွေက ၎င်းတို့ လက်ချက်ဖြစ်တယ်လို့ ပြောထားတဲ့ ရက်စက်တဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ မိုင်းလုပ်သားတွေကို ဟာဇာရာရှီးယိုက် ဆန္ဒပြသူတွေက ခြောက်ရက်ကြာအောင် မြေမြှုပ်ဘဲ ငြင်းဆန်ပြီး ခြိမ်းခြောက်အကျပ်ကိုင်နေတယ်လို့ ဝန်ကြီးချုပ် အီမရန် ခန်းက သောကြာနေ့မှာ စွပ်စွဲ ပြောဆိုပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်က အစွန်အဖျား မိုင်းတွင်းမှာ ဟာဇာရာလူနည်းစု အသိုင်းအဝိုင်းက မိုင်းလုပ်သား ၁၀ ဦးကို ဆွန်နီအစွန်းရောက်အုပ်စု အိုင်အက်စ်က ပြန်ပေးဆွဲသွားခဲ့တာပါ။ 

ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝတဲ့ အဲဒီ ပြည်နယ်ရဲ့ ကွီတာမြို့တော် အစွန်းဖျားက လမ်းတစ်လမ်းကို ဟာဇာရာဆန္ဒပြသူတွေက ပိတ်ဆို့လိုက်ပြီး သူတို့ကို ပိုပြီး အကာအကွယ်ပေးဖို့နဲ့ ဝန်ကြီးချုပ် လာရောက်ကြည့်ရှုဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ 

“ဘယ်နိုင်ငံမှ ဝန်ကြီးချုပ်မှ ခုလို ခြိမ်းခြောက် အကျပ်ကိုင် မခံထိုက်ပါဘူး။ ဒါမှမဟုတ်ရင် ဝန်ကြီးချုပ်ကို လူတိုင်းက အကျပ်ကိုင်လာတာတွေ ဖြစ်ာလာလိမ့်မယ်။”လို့ အီမရန် ခန်းက အစ္စလာမ္မာဘတ်မှာ ပြောပါတယ်။

အသတ်ခံရသူတွေကို မြေမြှုပ်သင်္ဂြိုလ်ပြီးမှပဲ ကွီတာမြို့ဆီ သွားရောက်ကြည့်ရှုမယ်လို့ သူက ဆိုပါတယ်။ 

အစ္စလာမ်ဓလေ့အရ သေဆုံးသူတွေကို နောက်ရက်ကူးပြီး နေမထွက်ခင် ၂၄ နာရီအတွင်းမှာ မြေမြှုပ်ရတဲ့ အစဉ်အလာရှိတဲ့ မွတ်စလင်အများစု ပါကစ္စတန်မှာ ဟာဇာရာအသိုင်းအဝန်းက အခု ရုပ်အလောင်းတွေကို မြေမြှုပ်ဖို့ ငြင်းဆန်တာဟာ ဆန္ဒပြမှုရဲ့ သင်္ကေတတစ်ရပ်လည်းပဲ ဖြစ်ပါတယ်။ 

နိုင်ငံရဲ့ အကြီးဆုံးနဲ့ အဆင်းရဲဆုံး ပြည်နယ်ဖြစ်တဲ့ ဘာလိုချီစတန်ပြည်နယ်ရဲ့ ကွီတာမြို့တော်မှာ တိုင်းရင်းသား ဟာဇာရာမျိုးနွယ်စုက ရှီးယိုက်မွတ်စလင် လူဦးရေအများစု ဖြစ်နေပါတယ်။ ပြည်နယ်အနေနဲ့ မျိုးနွယ်စုတွေ၊ ဂိုဏ်းဂဏကွဲမှုတွေနဲ့ ခွဲထွက်ရေး ပုန်ကုန်မှုကြောင့် ဝရုန်းသုန်းကား ဖြစ်နေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ် 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly