Capitol အဆောက်အအုံ စီးနင်းခံရမှုဖြစ်အပြီး အမေရိကန် လူများစု ထရမ့်ကို ချက်ချင်း ဖယ်ရှားလို 

Capitol အဆောက်အအုံ စီးနင်းခံရမှုဖြစ်အပြီး အမေရိကန် လူများစု ထရမ့်ကို ချက်ချင်း ဖယ်ရှားလို 

ဇန်နဝါရီလ ၉ ၊ ၂၀၂၁

ယခု သီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အားပေးအားမြှောက် ပြုခဲ့သည့် ဆန္ဒပြမှုကြောင့် လွတ်တော်ရေးရာ အဆောက်အအုံအတွင်း လူသေဆုံးရသည့် အဓိကရုဏ်း ပေါ်ပေါက်ပြီးနောက်တွင် အမေရိကန် ၅၇ ရာခိုင်နှုန်းသည် ရီပတ်ဘလီကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ချက်ချင်း ရာထူးမှ ဖယ်ရှားလိုကြကြောင်း ရိုက်တာနှင့် Ipsos မဲစစ်တမ်းအရ သိရသည်။ 

ထိုသို့ ဖယ်ရှားလိုသူ အများစုမှာ ဒီမိုကရက်များ ဖြစ်သော်လည်း ရီပတ်ဘလီကန်များကမူ ထရမ့်အား ဇန်နဝါရီ ၂၀ ရက် နောက်ဆုံး ရာထူးသက်တမ်းကုန်ချိန်အထိ ထောက်ခံသွားမည့်ပုံ အများစုရှိနေသည်။ 

ကြာသပတေးနေ့နှင့် သောကြာနေ့တို့က ကောက်ယူခဲ့သော အမျိုးသားပြည်သူ့သဘောထားတွင် နိုဝင်ဘာလအတွင်းက ထရမ့်အတွက် မဲပေးခဲ့သူ ၁၀ ဦးတွင် ခုနစ်ဦးနှုန်းက Capitol အဆောက်အအုံအတွင်း ချိုးဖောက်ဝင်ရောက်သည့် အမာခံထောက်ခံသူများ၏ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြသည်။ ဒီမိုကရက် ဂျိုးဘိုင်ဒင်အား ရွေးကောက်ပွဲ အနိုင်ရကြောင်း လွှတ်တော်အမတ်များ အတည်ပြုရန် စည်းဝေးချိန်၌ ထိုသို့ စီးနင်းဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။ 

ဗုဒ္ဓဟူးနေ့က အဆိုပါ စီးနင်းတိုက်ခိုက်မှုအား အရှိန်တင်ပေးသည့် ထရမ့်၏ လုပ်ရပ်ကို စိတ်ပျက်ကြောင်း ပြောဆိုသူမှာ စစ်တမ်းပါ ဦးရေ၏ ၇၀ ရာခိုင်နှုန်းနီးပါး ရှိသည်။ ယင်းနေ့ အစောပိုင်းက လူထုစုရုံးမှုတစ်ရပ်၌ ထရမ့်သည် ၎င်းအား ထောက်ခံသူ ထောင်ပေါင်းများစွာကို Capitol အဆောက်အအုံသို့ ချီတက်ရန် တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။ 

ရဲတစ်ဦးနှင့် အခြားသူ လေးဦး သေဆုံးသော Capitol အဆောက်အအုံအတွင်းက အကြမ်းပတမ်း အခြေအနေကို ဒီမိုကရက်ရော ရီပတ်ဘလီကန်တို့ကပါ ပြစ်တင်ရှုတ်ချခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required