ဆူပူအကြမ်းဖက်မှုကို စေ့ဆော်သည်ဟုဆိုကာ ထရမ့်၏ တွစ်တာအကောင့် ရာသက်ပန် အပိတ်ခံရ

ဆူပူအကြမ်းဖက်မှုကို စေ့ဆော်သည်ဟုဆိုကာ ထရမ့်၏ တွစ်တာအကောင့် ရာသက်ပန် အပိတ်ခံရ

ဇန်နဝါရီလ ၉ ၊ ၂၀၂၁

အမေရိကန် လွှတ်တော်ရေးရာ Capitol အဆောက်အအုံတွင် ဗုဒ္ဓဟူးနေ့က စီးနင်းမှု ဖြစ်ပွားခဲ့ပြီးနောက် နောက်ထပ် ဆူပူအကြမ်းဖက်မှုများ စေ့ဆော်မည့် ဘေးအန္တရာယ်ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တွစ်တာအကောင့်ကို ရာသက်ပန် ပိတ်သိမ်းကြောင်း တွစ်တာကုမ္ပဏီက သောကြာနေ့တွင် ဆိုသည်။

Followers ပေါင်း ၈၈ သန်းကျော် ရှိသော ထရမ့်၏ အကောင့်ကို ပိတ်လိုက်ခြင်းသည် ၎င်း၏ သက်တမ်း နောက်ဆုံးရက်များ မကုန်မီ အသံကောင်းဟစ်နေခြင်းကို နှုတ်ပိတ်လိုက်ခြင်းလည်း ဖြစ်သည်။ ထိုပြင် ဩဇာကြီး ကမ္ဘာ့ခေါင်းဆောင်များ၏ အကောင့်များကို လူမှုမီဒီယာကုမ္ပဏီများက မည်သို့ ထိန်းမတ်သင့်သည်ဆိုသော အငြင်းအခုံများ နှစ်များစွာ ဖြစ်ခဲ့ရပြီးနောက် ယခုကဲ့သို့ ထရမ့်၏ တွစ်တာအကောင့် အပိတ်ခံရခြင်းပင် ဖြစ်သည်။

“ဒေါ်နယ်ထရမ့် အကောင့်ရဲ့ မကြာသေးခင်က တွစ်တာ ရေးသားမှုတွေကို နှံ့နှံ့စပ်စပ် သုံးသပ်အပြီးမှာ ဆူပူအကြမ်းဖက်မှု နောက်ထပ် စေ့ဆော်မှုတွေ ရှိလာမယ့် အန္တရာယ်ကို ရှုမြင်ပြီး ကျွန်တော်တို့ဟာ သူ့အကောင့်ကို ရာသက်ပန် ပိတ်ရတာပါပဲ။”ဟု ကုမ္ပဏီက တွစ်တာရေးသားသည်။

တွစ်တာအနေဖြင့် နိုင်ငံခေါင်းဆောင်တစ်ဦးကို အကောင့်ပိတ်သိမ်းသည်မှာ ပထမဆုံးပဲ ဖြစ်သည်ဟု ကုမ္ပဏီက အတည်ပြုဆိုသည်။

လူ ငါးဦးသေဆုံးရသော အဆိုပါ Capitol အဆောက်အအုံ စီးနင်းခံရမှုကြောင့် လူမှုမီဒီယာကုမ္ပဏီများသည် ထရမ့်နှင့်အတူ ၎င်း၏ အထင်ကရ လက်ယာယိမ်း မဟာမိတ်များ ထောက်ခံသူများအား မြန်မြန်ဆန်ဆန် နှိပ်ကွပ်လာလျက် ရှိသည်။

ထရမ့်သည် တွစ်တာနှင့် အခြားသော ပလက်ဖောင်းများကို ၎င်း ရှုံးနိမ့်ခဲ့သည့် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ၌ မသမာမှုများ ရှိနေသည်ဟု အကြိမ်ကြိမ် ထုတ်ဖော်ပြောရာ၌ အသုံးပြုနေသကဲ့သို့ အခြားသော လျှို့ဝှက်ကြံစည်မှုများ ရှိနေသည်ဆိုသည် အယူအဆများကို ဖြန့်ဝေခြင်းများ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ဆန္ဒပြရန် Capitol အဆောက်အအုံသို့ ဗုဒ္ဓဟူးနေ့၌ ချီတက်ကြရေး ထောက်ခံသူများအား တိုက်တွန်းဆော်ဩခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly