ထရမ့်က ၎င်း၏ အပြစ်များမှ ကင်းလွတ်ခွင့်ရရေး ဆွေးနွေးခဲ့ဟု သတင်းရင်းမြစ် ပြော 

ထရမ့်က ၎င်း၏ အပြစ်များမှ ကင်းလွတ်ခွင့်ရရေး ဆွေးနွေးခဲ့ဟု သတင်းရင်းမြစ် ပြော 

ဇန်နဝါရီလ ၈ ၊ ၂၀၂၁

ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ အပြစ်များမှ ကင်းလွတ်ခွင့်ရရေး ဖြစ်နိုင်ခြေများကို ဆွေးနွေးခဲ့သည်ဟု ယင်း အရေးအရာနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ရပ်က ကြာသပတေးနေ့တွင် ပြောသည်။ 

ထိုကဲ့သို့ အပြစ်များမှ ကင်းလွတ်ခွင့်ရရေးသည် ဒီမိုကရက်က ဂျိုးဘိုင်ဒင်ကို နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ၌ ရှုံးနိမ့်၍ ဇန်နဝါရီ ၂၀ တွင် ရာထူးမှ ဆင်းပေးရတော့မည် ဖြစ်သော ရီပတ်ဘလီကန်မှ ထရမ့်အနေဖြင့် သမ္မတ အာဏာကို အလွန်အကဲ အသုံးပြုရလိမ့်မည် ဖြစ်သည်။ 

အဆိုပါ အရေးအရာနှင့် ပတ်သက်၍ အိမ်ဖြူတော်က ထင်မြင်ချက်ပေးရန် ငြင်းဆိုသည်။ 

နိုဝင်ဘာ ရွေးကောက်ပွဲ နောက်ပိုင်း၌ လက်ထောက်များနှင့်အတူ စကားပြောဆို ဆွေးနွေးရာတွင် ထရမ့်က သူ့ကိုသူ အပြစ်များမှ ကင်းလွတ်ခွင့်ရရေးအတွက် စဉ်းစာနေကြောင်း ပြောခဲ့သည်ဟု ‌ဆွေးနွေးပွဲအကြောင်း သိထားသော အမည်မဖော်သည့် သတင်းရင်းမြစ်နှစ်ရပ်ကို ကိုးကားပြီး New York Times က အစောပိုင်းတွင် သတင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ 

“ရွေးကောက်ပွဲရက်အပြီး နောက်ပိုင်း ဆွေးနွေးပွဲအချို့မှာ ထရမ့်က အကြံပေးတွေကို ပြောခဲ့တယ်။ သူ့ကိုသူ အပြစ်တွေကနေ ကင်းလွတ်ခွင့်ရရေးအတွက် စဉ်းစာနေတယ်ဆိုပြီးတော့ပါ။ အခြား ဖြစ်စဉ်တွေမှာလည်း သူ ဘာလုပ်သင့်သလဲဆိုတာနဲ့ သူ့အပေါ် တရားရေးနဲ့ နိုင်ငံရေးပိုင်းကနေ ဘာတွေ သက်ရောက်လာမလဲဆိုတာ ပြောဆိုမေးမြန်းခဲ့တာလည်း ရှိတယ်ဆိုပြီး သတင်းရင်းမြစ်နှစ်ရပ်က ဆိုတယ်။”ဟု ယင်းသတင်းစာက ဖော်ပြသည်။ 

ယခုကဲ့သို့ ထရမ့်အနေဖြင့် သူ အပြစ်ကင်းလွတ်ရေး ဆွေးနွေးခြင်းသည် ဗုဒ္ဓဟူးနေ့က အမေရိကန်လွှတ်တော်ရေးရာ Capitol အဆောက်အအုံကို ထရမ့် ထောက်ခံသူများ ဝင်ရောက်စီးနင်းပြီးနောက် ဆွေးနွေးခြင်းလားဆိုခြင်းကို တိတိပပ မသိရပေ။  

ထိုသို့ Capitol အဆောက်အအုံကို ထရမ့် ထောက်ခံသူများ ဝင်ရောက်စီးနင်းခြင်းကြောင့် ကွန်ဂရက်တွင် ထိပ်တန်း ဒီမိုကရက်အမတ်နှစ်ဦးက ထရမ့်အား ရာထူးက ဖယ်ရှားပစ်ရန် တောင်းဆိုခဲ့ကြသည်။ 

ဒုတိယသမ္မတ မိုက်ပန့်စ်နှင့် အစိုးရအဖွဲ့အနေဖြင့် ထရမ့်အား ရာထူးမှ ဖယ်ရှားရန် အမေရိကန်ဖွဲ့စည်းပုံ ပြင်ဆင်ချက် ၂၅ ကို ကျင့်သုံးဆောင်ရွက်သင့်သည်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီနှင့် ဆီးနိတ်ဒီမိုကရက်တစ်ခေါင်းဆောင် ချော့ရှူးမားက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required