သန်လျင်မြို့ အမှတ် (၆) လမ်းမကြီးဘေး ကျူးကျော်ဆိုင်ခန်း ၁၀၀ ခန့် ဖေဖော်ဝါရီတွင် ဖျက်သိမ်းပေးရမည်  

သန်လျင်မြို့ အမှတ် (၆) လမ်းမကြီးဘေး ကျူးကျော်ဆိုင်ခန်း ၁၀၀ ခန့် ဖေဖော်ဝါရီတွင် ဖျက်သိမ်းပေးရမည်  

ဇန်နဝါရီလ ၈ ၊ ၂၀၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့အတွင်းရှိ အမှတ် (၆) လမ်းမကြီးဘေးတွင် ကျူးကျော်ဆောက်လုပ်ထားသော ဆိုင်ခန်း ၁၀၀ ခန့်ကို လာမည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး အပြီးတိုင် ဖျက်သိမ်းပေးရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောသည်။  

အဆိုပါ အမှတ် (၆) လမ်းမကြီး လမ်းတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် လမ်းဧရိယာနှင့် မလွတ်သည့် ကျူးကျော် ဆောက်လုပ်ထားသော ဆိုင်ခန်းများကို ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများက ညွှန်ကြားထားခြင်း ဖြစ်သည်။  

ထိုသို့ဖျက်သိမ်းပေးရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ ဈေးဆိုင်ခန်း ဖွင့်လှစ်ထားသူများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူတို့ ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက် လာမည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန် အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့ခြင်း ဖြစ်သည်။  

ယင်းနေရာတွင် နေထိုင်သူတစ်ဦးဖြစ်သည့် ဦးအောင်သန်းဟိန်းက “ကျွန်တော်တို့ဘက်ကတော့ ပြောင်းဖို့ရွှေ့ဖို့ အခက်အခဲရှိတဲ့ အကြောင်းရယ်၊ ရောဂါဖြစ်နေတော့ ပြန်ဖို့ အခက်အခဲ ရှိနေတဲ့အကြောင်း တင်ပြတာ။ သူတို့ကတော့ အဲဒါကို လုံးဝ လက်မခံပါဘူး” ဟု ပြောသည်။  

လမ်းတိုးချဲ့သည့် ဧရိယာနှင့် မလွတ်သည့် နေရာအထိ နောက်ဆုတ်ရွှေ့ဆိုင်းပြီး နေထိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံ အသနားခံစာ တင်ပြခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း ဦးအောင်သန်းဟိန်းက ပြောသည်။  

အမှတ် (၆) လမ်းမကြီးဘေးတွင် ဈေးဆိုင်ဖွင့် ရောင်းချသူ မထွေးထွေးဝင်းက “အခုလို ကိုဗစ်ကာလအတွင်း ချက်ချင်းကြီး ပြောင်းရွှေ့ခိုင်းတာက အဆင်မပြေဘူးလေ။ မိသားစု အခက်အခဲလေးတွေကလည်း ရှိတယ်။ လပိုင်းဖြစ်ဖြစ်၊ နှစ်ဖြစ်ဖြစ် နည်းနည်းတော့ ပေးသင့်တာပေါ့။ ဒီလမ်းတွေ စီမံကိန်း ဆောက်စရာ ရှိတယ်ဆိုလို့ ရှိရင်လည်း လမ်းလွတ်တဲ့အထိ ဖယ်ပေးမယ်။ ဘာမှ မလုပ်သေးတဲ့ အချိန်မှာတော့ စီးပွားရေး အခြေအနေကြောင့် ဒီနားမှာ လုပ်ကိုင်စားသောက်ခွင့် လိုချင်သေးတယ်” ဟု ပြောသည်။  

လာမည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အပြီးတိုင် ဖယ်ရှားပေး၊ မပေး စာရင်းကောက်ယူကာ နှစ်ရက်အတွင်း တင်ပြရမည်ဖြစ်ကြောင်းလည်း သိရသည်။  

သန်လျင် အမှတ် (၆) လမ်းမကြီးဘေးတွင် ကျူးကျော်ဆောက်လုပ်ထားသော ဆိုင်ခန်းပေါင်း ၁၀၀ နီးပါးရှိကြောင်း သိရပြီး အများစုမှာ ဧရာဝတီတိုင်းမှ ပြောင်းရွှေ့လာကြသူများဖြစ်ပြီး ဈေးဆိုင်ခန်းအတွက် စည်ပင်ထံ တစ်လလျှင် ငွေကျပ် ၃,၀၀၀ စီ ပေးဆောင်ရကြောင်းလည်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required