ကမ္ဘာတစ်ဝန်း အန္တရာယ် အကြီးဆုံး အစွန်းရောက်သူများစာရင်းတွင် ဦးဝီရသူကို ထည့်သွင်းထား 

ကမ္ဘာတစ်ဝန်း အန္တရာယ် အကြီးဆုံး အစွန်းရောက်သူများစာရင်းတွင် ဦးဝီရသူကို ထည့်သွင်းထား 

ဇန်နဝါရီ ၈၊ ၂၀၂၁ 

Counter Extremism Project (CEP) က ထုတ်ပြန်သည့် ကမ္ဘာတစ်ဝန်း အန္တရာယ်အကြီးဆုံး အစွန်းရောက်သူ ၂၀ စာရင်းတွင် ဦးဝီရသူကို ထည့်သွင်းထားကြောင်း တွေ့ရသည်။ 

မြန်မာနိုင်ငံတွင် မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှု၌ ဦးဆောင်သူအဖြစ် နံပါတ် (၇) နေရာတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။ 

‘ဦးဝီရသူသည် ၉၆၉ လှုပ်ရှားမှုကို ဦးဆောင်သူဖြစ်ကြောင်း၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်မှုဖြင့် ယခင်က ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့သူရဖြစ်ပြီး ၂၀၁၂ ခုနှစ် ထောင်က လွတ်လာချိန်တွင်DVD, CD အခွေများ မြန်မာနိုင်ငံတစ်ဝန်းဖြန့်၍ အစွန်းရောက် သတင်းစကားများ ပါးခဲ့ကြောင်း’ နောက်ခံအဖြစ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လွှမ်းမိုးမှု ဩဇာအနေဖြင့် Time မဂ္ဂဇင်းက “The Face of Buddhist Terror” အဖြစ် ၂၀၁၃ ခုနှစ် ဇူလိုင်လထုတ်တွင် မျက်နှာဖုံး၌ ဖော်ပြခဲ့ကြောင်း၊ ဦးဝီရသူသည် YouTube နှင့် အခြား လူမှုမီဒီယာများတွင်လည်း ဟောပြောခဲ့ကြောင်း၊ Facebook က ဦးဝီရသူကို ဘာသာရေးအမုန်းစကား ဖြန့်မှုဖြင့် ၂၀၁၈ ဇန်နဝါရီလတွင် ပိတ်ပင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။ 

ထို့အပြင် ဦးဝီရသူသည် မည်သည့် လူသေဆုံးမှုတွင်မှ တိုက်ရိုက် တာဝန်မရှိသော်လည်း ၂၀၁၂ ခုနှစ်က မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုများ ရှိခဲ့သော ဗလီမီးလောင်မှု ပဋိပက္ခတွင် ဆက်စပ်မှု ရှိကြောင်းလည်း ဖော်ပြထားသည်။ CEP ၏ ထုတ်ပြန်ချက်တွင် မိတ္ထီလာ ပဋိပက္ခ၌ လူသေဆုံးမှု ၁၀၀ ကျော်ဟု ဖော်ပြသော်လည်း ပြည်တွင်းပြည်ပ သတင်းများတွင် သေဆုံးသူ ၄၀ ခန့်နှင့် ဒဏ်ရာရသူ ၆၀ ကျော်ဟု ဖော်ပြခဲ့ကြသည်။

ကမ္ဘာတစ်ဝန်း အန္တရာယ် အကြီးဆုံး အစွန်းရောက်သူ ၂၀ စာရင်းတွင် ဟစ်ဇဘိုလာအဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဟက်ဆန် နက်စရယ်လာ၊ ISIS အဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ အေမီယာ မူဟာမက် ဆာအစ် အဗ္ဗဒယ်-ရာမန် အယ်လ်-မော်လာ၊ ဟားမတ်စ် နိုင်ငံရေးအကြီးအကဲ အစ္စမေးလ် ဟာနီယက်၊ ဂျာမနီမှ အမျိုးသားဆိုရှယ်လစ် မြေအောက်အဖွဲ့အစည်း အဖွဲ့ဝင် ဘိတ် ဇချာပီ၊ အစ္စလာမ် ဘာသာရေးပညာရှင်၊ Muslim Brotherhood ၏ လျှို့ဝှက်ခေါင်းဆောင် ယူဆွတ် အယ်လ်-ကွာရာဒါဝီ စသူတို့ အစဉ်အတိုင်း ပါဝင်ပြီး ဦးဝီရသူက နံပါတ် (၇) နေရာတွင် ရှိနေသည်။ 

Counter Extremism Project (CEP) သည် အစွန်းရောက် အယူအဆများ၏ ကြီးထွားလာနေသည့် ခြိမ်းခြောက်မှုကို တိုက်ဖျက်ရန် ဖွဲ့စည်းထားသည် နိုင်ငံတကာ မူဝါဒအဖွဲ့အစည်းတစ်ခု ဖြစ်သည်။   

နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသည့် ဦးဝီရသူသည် တစ်နှစ်ကျော် တိမ်းရှောင်နေပြီးနောက် ရန်ကုန်မြို့၊ ဒဂုံမြို့နယ် သံဃနာယကအဖွဲ့ကို ပင့်ဖိတ်ပြီး နိုင်ဝင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် လာရောက် အဖမ်းခံခဲ့သည်။    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly