လိင်ကျွန်ပြုခံ အမျိုးသမီးများကို ဂျပန်ဘက်က နစ်နာကြေးပေးရန် တောင်ကိုရီးယားတရားရုံး အမိန့်ချ 

လိင်ကျွန်ပြုခံ အမျိုးသမီးများကို ဂျပန်ဘက်က နစ်နာကြေးပေးရန် တောင်ကိုရီးယားတရားရုံး အမိန့်ချ 

ဇန်နဝါရီ ၈ 

ဒုတိယကမ္ဘာစစ်အတွင်း “လိင်ဖျော်ဖြေမယ်” များအဖြစ် အလုပ်အကျွေးပြုခဲ့ရသော ကိုရီးယားအမျိုးသမီးများကို နစ်နာကြေးအဖြစ် တစ်ဦးလျင် ဝမ် သန်း ၁၀၀ (ဒေါ်လာ ၉၁,၀၀၀) စီ ဂျပန်အစိုးရဘက်က ပေးအပ်ရန် လိုအပ်ကြောင်း ဆုံးဖြတ်ချက်တစ်ရပ်ကို တောင်ကိုရီးယား တရားရုံးတစ်ခုက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ 

တရားလို အမျိုးသမီး ၁၂ ဦး (၎င်းတို့အနက် တစ်ချို့သည် လက်ရှိအချိန်တွင် ကွယ်လွန်ပြီဖြစ်) ပါ အုပ်စုတစ်ခုက နစ်နာကြေး ဝမ် သန်း ၁၀၀ ရလိုမှုအတွက် အမှုတစ်ခု ဖွင့်ဆိုထားခဲ့ပြီးနောက် ဆိုးလ်မြို့ ဗဟိုခရိုင်တရားရုံး၏ ယခု ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ယခု တရားရုံး ဆုံးဖြတ်ချက်က ဂျပန်နှင့် တောင်ကိုရီးယားအကြား ပိုမို ကြီးလေးသည့် သံတမန်ရေးရာ ပြဿနာသစ်တစ်ခုကို အသွင်ဆောင်ရန် ရှိနေသည်။ ဂျပန်ကုမ္ပဏီများအတွက် အလုပ်သမားများအဖြစ် လုပ်ခဲ့သည့် ကိုရီးယားများ တိုင်ချက်ဖွင့်သော တရားစွဲဆိုမှုများအပါအဝင် ဂျပန်တို့ ကိုရီးယားကို ကိုလိုနီနယ်အဖြစ် အုပ်စိုးခဲ့မှုကာလကနေ အစပျိုးခဲ့သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အဆိုပါ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ပြီးခဲ့သည့်နှစ်များအတွင်း အကြီးအကျယ် တင်းမာနေခဲ့သည်။ 

ဂျပန်အစိုးရက ဆုံးဖြတ်ချက်ကို အယူခံဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ တရားရုံးဆုံးဖြတ်ချက်ကို စီမံဆောင်ရွက်မည်ဖြစ်သည်။ ယင်းအတွက်ကြောင့် တိုကျိုအနေဖြင့် ယင်း၏ ပိုင်ဆိုင်သော ပစ္စည်းအဖိုးတန်များကို တောင်ကိုရီးယားဘက်က သိမ်းဆည်းသွားနိုင်သည့် ဖြစ်နိုင်ဖွယ်ရှိ အလားအလာနှင့် ရင်ဆိုင်နေရသည်။ ယင်းသည် တောင်ကိုရီးယားရှိ ဂျပန်ကော်ပိုရေးရှင်းများနှင့် ယင်းတို့၏ ပိုင်ဆိုင်မှုပစ္စည်းအဖိုးတန်များ ပါဝင်ပတ်သက်နေသော စစ်ပွဲကာလ အလုပ်သမားဟောင်းများအရေး ဖြစ်နေဆဲ အမှုတစ်ခုထက် ပိုမိုကြီးလေးသည့် လှိုင်းဂယက်ထမှုများဖြစ်စေမည့် ကိစ္စတစ်ခုဖြစ်သည်။ ယင်းသည် နိုင်ငံတစ်ခုနှင့်တစ်ခုအကြား အငြင်းပွားမှုတစ်ခုအဖြစ် အရှိန်မြင့်တက်သွားနိုင်သည်။ 

တရားရုံး၏ စဉ်းစားချိန်ဆမှုများအတွင်း ဂျပန်အစိုးရ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်း မရှိပေ။ နိုင်ငံတကာဥပဒေအောက်တွင် အချုပ်အချာအာဏာပိုင် အစိုးရတစ်ရပ်ကို ယင်း၏ သဘောတူညီချက်မပါဘဲ တရားစွဲ၍မရနိုင် ဆိုသည့် အချက်ကို တိုကျိုက ဆက်လက်ကိုင်ဆွဲထားသည်။ 

သို့သော် ယခုအမှုကိစ္စသည် လူ့အခွင့်အရေးကိစ္စတစ်ခု ဖြစ်ပြီး အချုပ်အချာအာဏာ ကင်းလွတ်ခွင့် စည်းမျဉ်းက မသက်ဆိုင်ကြောင်း တောင်ကိုရီးယားတရားရုံးက ဆုံးဖြတ်ထားခဲ့သည်။ 

၁၉၆၅ ခုနှစ်က သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေသည့် စာချုပ်တစ်ရပ်၏ တစ်စိတ်တစ်ဒေသအဖြစ် နှစ်နိုင်ငံအကြား တောင်းဆိုချက်အားလုံးကို ပြေလည်စေရေး သဘောတူညီချက်တစ်ခု ချုပ်ဆိုခဲ့ချိန် လိင်ဖျော်ဖြေမယ်များ ကိစ္စ ကျေအေးပြီးပြတ်ခဲ့ကြောင်း ဂျပန်က ငြင်းခုံပြောဆိုထားသည်။ ထို့ပြင် ၂၀၁၅ ခုနှစ်က လိင်ဖျော်ဖြေမယ် အမျိုးသမီးများကိစ္စဆိုင်ရာ နှစ်ဘက်သဘောတူညီချက်တစ်ရပ်ကနေတစ်ဆင့် ဖြေရှင်းထားပြီးကြောင်း ဂျပန်က ပြောခဲ့သည်။ 

သို့သော် လိင်ဖျော်ဖြေမယ်များ နစ်နာကြေး တောင်းခံပိုင်ခွင့်သည် အဆိုပါ သဘောတူညီချက်များ၏ နယ်ပယ်အတိုင်းအတာ အပြင်ဘက်တွင် ရှိနေကြောင်း တောင်ကိုရီးယားတရားရုံးက ဆုံးဖြတ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required