ရန်ကုန်မှာဖမ်းမိတဲ့ ရိုဟင်ဂျာ အမျိုးသမီး ၅ ဦး ဗိုင်းရပ်စ်ပိုးတွေ့ 

ရန်ကုန်မှာဖမ်းမိတဲ့ ရိုဟင်ဂျာ အမျိုးသမီး ၅ ဦး ဗိုင်းရပ်စ်ပိုးတွေ့ 
Photo: CJ

ဇန်နဝါရီ ၈ ရက်၊၂၀၂၁ ခုနှစ်

ရွှေပြည်သာမြို့နယ်တွင်း ဖမ်းဆီးခံရသော ရခိုင်မြောက်ပိုင်းကလာသည့် မွတ်စလင် ၉၉ ယောက်အနက် ငါးယောက်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက မဇ္ဈိမ ကို ဇန်နဝါရီ ၈ ရက်နေ့တွင် ပြောသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်တွေ့ရှိသူ ငါးဦးလုံးမှာ အမျိုးသမီးများဖြစ်ကြသည်။ ပြည်ထဲရေးက မသင်္ကာသူတစ်ဦးကို ခေါ်ယူစစ်ဆေးရာက ဇန်နဝါရီ ၆ ရက်နေ့တွင် အထောက်အထားမဲ့ နယ်ကျော်ဖြတ်လာသူများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဖမ်းမိသူ ၉၉ ဦးအနက်၊ ၇၃ ဦးသည် အမျိုးသမီးများဖြစ်ကြသည်။ ဖမ်းဆီးခံရသူများအနက် အသက် ငါး နှစ် တစ်ဦး၊ ကိုးနှစ်နှင့် ၁၀ နှစ် အရွယ် လေးဦးတို့ ပါ၀င်သည်။

မဇ္ဈိမ ၏ လေ့လာချက်အရ အသက် ၁၈ နှစ်အောက် လူစုစုပေါင်း ၆၀ ပါနေသည်။ ခရီးသွားဖို့ ဦးဆောင်လာသူ ခြောက်ဦးထဲမှ လေးဦးကို ရွှေပြည်သာ ရဲစခန်းတွင် သီးသန့်ချုပ်ထားကြောင်း ဦးရန်အောင်မင်းက ပြောသည်။  

၄ ယောက်ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ-၃၆၇၊ ၃၇၀ ဖြင့် အရေးယူထားကြောင်း ရွှေပြည်သာမြို့မစခန်းမှူး ဒုရဲမှူး တင်မောင်လွင်က ဇန်နဝါရီ ၆ ရက်နေ့တွင် မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ဆက်လက်စစ်ဆေးနေဆဲဖြစ်သောကြောင့် အသေးစိတ်အချက်အလက် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း စခန်းမှူးကဆိုသည်။ 

ကျန်မွတ်စလင်ခရီးသွားများကို ရွှေပြည်သာမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်တွင် သီးခြားနေထိုင်စေပြီး၊ ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်လျှက်ရှိသည်။ ၎င်းတို့သည် ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား အစရှိသောမြို့နယ်များမှ လာကြသူများဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ခရီးသွားရန်အတွက် အစိုးရအသိအမှတ်ပြု မှတ်ပုံတင်ကဒ်ပြား သို့မဟုတ် ထောက်ခံချက်ပါရှိရန်လိုအပ်ပါသည်။ ရခိုင်မြောက်ပိုင်းတွင် နေထိုင်ကြသော မွတ်စလင် လူဦးရေတစ်သန်းဝန်းကျင်အနက် နိုင်ငံသားအသိအမှတ်ပြုခြင်းမခံရသောကြောင့် အများစုမှာ ယင်းကဒ်များမရှိကြပါ။

ရန်ကုန်မှတဆင့် မလေးရှားနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်ရန်သွားရောက်ဖို့ ထွက်လာကြခြင်းဖြစ်ပြီး တစ်ယောက်လျှင် သိန်း ၃၀ ကျပ်နှုန်း ပွဲစားခပေးရသည်ဟု  ထွက်ဆိုကြကြောင်းလည်း လွှတ်တော်အမတ်၏ ပြန်ပြောချက်အရ သိရသည်။ အသက် ၁၀ နှစ်အောက် အရွယ်ကလေး ၃ ယောက်ကလွဲပြီး၊ ကျန် ၉၆ ယောက်၏ စရိတ်ကိုတွက်ကြည့်လျှင် စုစုပေါင်း သိန်း ၂၈၂၀ အထိ ရှိသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ခုနှစ်၊ ဧပြီလထုတ် အမိန့်စာတစ်စောင်တွင် တစ်နိုင်ငံလုံးရှိ ဖမ်းဆီးရရှိမိသော မွတ်စလင်များကို အထက်ဝန်ကြီးဌာနညွှန်ကြားချက် ရယူပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းစာကို မဇ္ဈိမအနေဖြင့် ဝန်ကြီးဌာ၏ သီးခြားအတည်ပြု ရယူနိုင်ခြင်း မရှိပါ။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required