သစ္စာခံသူ လျော့နည်းလာနေ၍ စိတ်အားညှိုးငယ်နေသည့် ထရမ့်က မိုက်ပန့်စ်ကို ထိုးနှက်တိုက်ခိုက် 

သစ္စာခံသူ လျော့နည်းလာနေ၍ စိတ်အားညှိုးငယ်နေသည့် ထရမ့်က မိုက်ပန့်စ်ကို ထိုးနှက်တိုက်ခိုက် 

 ဇန်နဝါရီ ၈ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုအခါ အိမ်ဖြူတော်၌ ပိုမို တသီးတသန့် နေထိုင်လာနေပြီး အစဉ်အလာဟောင်း အရိုးစွဲသည့် သစ္စာခံသူ အစုအဖွဲ့သေးတစ်ခုကိုသာ မှီခိုလျက်ရှိကာ ဒုသမ္မတ မိုက်ပန့်စ်အပါအဝင် ၎င်းအပေါ် ဆန့်ကျင်ဘက်ပြုဝံ့သူများအပေါ် ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့ကြောင်း ထိုကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ် လေးဦးက ပြောသည်။ 

ထရမ့်၏ နှိုးဆွလှုံ့ဆော်မှုနှင့်အတူ ၎င်းအပေါ် ထောက်ခံသူရာနှင့်ချီတို့ အမေရိကန်ကွန်ဂရက်လွှတ်တော်အဆောက်အအုံထဲ ဝင်ရောက်စီးနင်းခဲ့မှုနောက်ပိုင်း ယခုအခါ ၎င်းနှင့် ကာလကြာအတူရှိခဲ့သော အကြံပေးတစ်ချို့သည် ထရမ့်နှင့် စကားပြောရန်ပင် ရှောင်ဖယ်နေကြပြီဖြစ်သည်။ 

လွှတ်တော် ဝင်စီးမှုသည် ထရမ့်၏ ရာထူးတာဝန်ထမ်းဆောင်မှုအပေါ် ကြီးမားသည့် စွန်းထင်းမှုတစ်ခု ဖြစ်စေခဲ့ကြောင်း ရောင်းရင်းအပေါင်းအဖော် ရီပတ်ဘလစ်ကန်တစ်ချို့က ပြောခဲ့ကြသည်။ 

ဇန်နဝါရီ ၆ ရက်က ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ရွေးကောက်ပွဲ အနိုင်ရမှုကို အတည်ပြုရန် လွှတ်တော်အမတ်များ စည်းဝေးနေခဲ့စဉ် လွှတ်တော်အဆောက်အအုံထဲ မကြုံစဖူး ဝင်ရောက်စီးနင်းမှုကြောင့် မိုက်ပန့်စ် နှင့် အခြားကွန်ဂရက်အမတ်များ ဘေးလွတ်ရာ ချက်ချင်းပြောင်းရွှေ့ခဲ့ကြရသည်။ 

အဆိုပါ ဖျက်ဆီးရမ်းကားမှု ဥပဒေမဲ့ဖြစ်စဉ်အတွင်း အမျိုးသမီးတစ်ဦး ရဲ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရမှုအပါအဝင် လူလေးဦး သေဆုံးခဲ့သည်။ 

မကြာသေးခင်က သမ္မတနှင့် တစုံတရာ တွေ့ဆုံပြောဆိုမှု ရှိခဲ့သလား ဆိုသည့် မေးမြန်းချက်အပေါ် “ပြောဖို့ ဆန္ဒမရှိပါဘူး” ဟု အမည်မဖော်လိုသူ အကြံပေးတစ်ဦးက ပြောသွားခဲ့သည်။ 

ဘိုင်ဒင် အနိုင်ရမှုကို ကွန်ဂရက်၌ အတည်ပြုခြင်းကနေ တားဆီးရေး ကြိုးပမ်းရန် ငြင်းဆန်မှုအတွက် မိုက်ပန့်စ်အပေါ် ထရမ့်က လူသိရှင်ကြားဖြစ်စေ၊ သိုသိုသိပ်သိပ် ဖြစ်စေ ထပ်တလဲလဲ ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချထားခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ 

ထို့ပြင် မိုက်ပန့်စ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းဖြစ်သော ၎င်း၏ တာဝန်ကို ထမ်းဆောင်လိမ့်မည်ဟု ထုတ်ဖော်ခဲ့သည့် မိုက်ပန့်စ်၏ အရာရှိချုပ် မာ့စ် ရှော့တ်အပေါ်တွင်လည်း ထရမ့်က ဒေါသအမျက်ခြောင်းခြောင်းထွက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ 

ယခုအပတ်တွင် ထရမ့်သည် မိုက်ပန့်စ်ကို တိုက်ရိုက်ပင် ဒေါသဖြင့် ဝေဖန်ပြောဆိုခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဒုသမ္မတ မိုက်ပန့်စ်၏ ရုံးခန်းကမူ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ 

သို့သော် ရီပတ်ဘလစ်ကန် ဆိနိတ်တာ ဂျင်မ် အင်ဟို့ဖ်က ၎င်းသည် ဗုဒ္ဓဟူးနေ့ညက မိုက်ပန့်စ်နှင့် စကားပြောခဲ့သည်ဟု Tulsa World သတင်းစာကို ပြောခဲ့သည်။ 

“ကျွန်တော် မိုက် ပန့်စ်အကြောင်း ကောင်းကောင်းသိတယ်၊ ဒီနေ့လောက် သူ ဒေါသထွက်နေတာ ကျွန်တော် တစ်ခါမှ မမြင်ခဲ့ဖူးဘူး” ဟု ၎င်းက ပြောသည်။ 

ထရမ့်နှင့် မိုက်ပန့်စ်အကြား စိတ်ဝမ်းကွဲမှုသည် နက်ရှိုင်းနေခဲ့ပြီး ၎င်းတို့သည် နောက်တစ်ဖန် တစ်ဦးနှင့်တစ်ဦး ဘယ်တော့မှ စကားမပြောတော့တာမျိုး ဖြစ်သွားနိုင်ကြောင်း အကြီးတန်းအစိုးရအရာရှိဟောင်းတစ်ဦးက ပြောသည်။ 

အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သလို ရီပတ်ဘလစ်ကန် အမတ်ဟောင်းတစ်ဦး ဖြစ်ခဲ့သည့် မိုက်ပန့်စ်သည် သမ္မတ ထရမ့်၏ လေးနှစ်သက်တမ်းတစ်လျှောက် ထရမ့်အပေါ် သစ္စာခံခဲ့သူဖြစ်သည်။ 

“ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သူ့တာဝန်ကို သူ ထမ်းဆောင်ခဲ့တဲ့အပေါ် သူ့အနီးဝန်းကျင်က လူတိုင်းက သူ့အတွက် ဂုဏ်ယူနေကြပါတယ်” ဟု မိုက်ပန့်စ်၏ အကြံပေးတစ်ဦးက ပြောသည်။ ထို့ပြင် မိုက်ပန့်စ်သည် သူ လုပ်ဆောင်ရန် စီစဉ်ထားသည့်အရာများကို အချိန်မတိုင်မီ ထရမ့်ကို ပြောထားခဲ့ကြောင်းလည်း ၎င်းက ပြောသည်။ 

“မိုက်ပန့်စ်က သမ္မတကို အံ့အားမသင့်စေခဲ့ပါဘူး၊ သူဟာ သူလုပ်သွားမယ့် အရာအတွက် ရိုးသားမှု ရှိခဲ့သူပါ” ဟု အကြံပေးဖြစ်သူက ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required