တိုကျိုနဲ့ အနီးအနားဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေ ကြေညာ 

တိုကျိုနဲ့ အနီးအနားဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေ ကြေညာ 
Photo - AFP

ဇန်နဝါရီ ၈ 

ဂျပန်အစိုးရဟာ မဟာတိုကျိုနယ်မြေဧရိယာမှာ တစ်လကြာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်ကို ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်းပဲ မြို့တော်မှာ တစ်နေ့တာအလိုက် ဗိုင်းရပ်စ် ကူးစက်မှုတွေဟာ နောက်ထပ်စံချိန်တစ်ခုအဖြစ် မြင့်တက်ခဲ့ပါတယ်။ 

၀န်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂါက ဒီအစီအမံကြေညာချက်ကို ထုတ်ပြန်ခဲ့ချိန်မှာ ကြီးမားတဲ့ အကျပ်အတည်းတစ်ခုအဖြစ် ခံယူထားတယ်ဆိုတဲ့အကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။ ဇန်နဝါရီ ၈ ရက်မှာ စတင်တဲ့ ဒီ အရေးပေါ်အခြေအနေ အစီအမံကတော့ ပြီးခဲ့တဲ့ နွေဦးတုန်းက နိုင်ငံမှာ ပထမဆုံးကြေညာခဲ့တဲ့ ဗိုင်းရပ်စ် အရေးပေါ်အခြေအနေ ဒါမှမဟုတ် အခြားနေရာတွေမှာ မြင်တွေ့ထားခဲ့တဲ့ ပြင်းထန်တင်းကျပ်တဲ့ လော့ခ်ဒေါင်းတွေနဲ့ ယှဉ်ရင် တင်းကျပ်မှု လျော့နည်းပါတယ်။ 

ယခုအစီအမံက အဓိကအားဖြင့်တော့ စားသောက်ဆိုင်တွေနဲ့ ဘားတွေကို ရည်ရွယ်ပြီး ယင်းတို့အနေနဲ့ ည ၇ နာရီမှာ အရက်ရောင်းချမှု ရပ်ဆိုင်းဖို့ ညွန်ကြားခံထားရပြီး ယင်းနောက် တစ်နာရီအကြာမှာ ဆိုင်ပိတ်ရမှာ ဖြစ်ပါတယ်။ 

အစိုးရရဲ့ ပန်ကြားချက်တွေအတိုင်း လိုက်နာကြဖို့ လူငယ်တွေကို ဆုဂါက အထူး မေတ္တာရပ်ခံခဲ့ပြီး မဟာတိုကျိုနယ်မြေမှာ မကြာသေးခင်က တွေ့ရှိထားတဲ့ ကူးစက်မှုအသစ်တွေအနက် တစ်ဝက်ကျော်ဟာ အသက် ၃၀ နှစ်အောက်တွေ ဖြစ်တယ်လို့ ၎င်းက ပြောခဲ့ပါတယ်။ 

“ခင်ဗျားတို့ရဲ့ မိဘတွေ၊ အဘိုးအဘွားတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့တန်ဖိုးရှိတဲ့ အသက်တွေကို ကာကွယ်ဖို့အတွက် ကျေးဇူးပြုပြီးတော့ လိုက်နာဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်” လို့ ဆုဂါက ပြောပါတယ်။ 

ဒီလို အစီအမံတွေ လုပ်ဖို့ အစိုးရထံ ပန်ကြားခဲ့တဲ့ တိုကျိုနဲ့ အနီးအနား ဧရိယာတွေမှာတော့ ပုံမှန်ခရီးဝေးအလုပ်ဆင်းသူတွေရဲ့ သွားလာမှုကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းတွေကို နေအိမ်ကနေ အလုပ်လုပ်တဲ့စနစ် တတ်နိုင်သမျှ ကျင့်သုံးဖို့ တိုက်တွန်းထားခဲ့ပါတယ်။ 

ပန်ကြားချက်တွေအတိုင်း လိုက်ပါပူးပေါင်းဆောင်ရွက်မှုတွေရှိအောင်လို့ သြဇာအာဏာနဲ့ အတင်းအကျပ်ပြုစေဖို့အတွက် လက်ရှိအချိန်မှာ အာဏာပိုင်တွေကို လုပ်ဆောင်ခွင့် ဂျပန်ဥပဒေတွေမှာ ခွင့်မပြုထားပေမယ့် အစိုးရကတော့ ယင်းရဲ့ ပန်ကြားချက်တွေအတိုင်း မလိုက်နာတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ငွေရိုက်ခွင့်ပြုမယ့် ဥပဒေတစ်ခုကို ပြင်ဆင်နေပါတယ်။ 

လက်ရှိအချိန်မှာတော့ စောစောစီးစီး ပိတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ကြေးတွေ ကမ်းလှမ်းပေးသွားမှာဖြစ်ပြီး စည်းကမ်းအတိုင်းလိုက်နာဖို့ ပျက်ကွက်တဲ့ လုပ်ငန်းတွေကိုလည်း အစိုးရအနေနဲ့ အမည်တပ် ပြစ်တင်သွားနိုင်ပါတယ်။ 

တိုကျိုမှာတော့ ဇန်နဝါရီ ၇ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၂,၄၄၇ ဦးအထိ စံချိန်တင်တွေ့ခဲ့ပြီး အစောပိုင်းတစ်ရက်က တွေ့ထားခဲ့တဲ့ ၁,၅၉၁ ဦး စံချိန်ကို ရိုက်ချိုးခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ပမာဏဟာ ဂျပန်နိုင်ငံတဝန်း တွေ့ရှိခဲ့တဲ့ ကူးစက်သူသစ် ၇,၄၉၀ ဦးအနက်မှာလည်း အတော်အတန်ကြီးမားတဲ့ ပမာဏတစ်ခုကို ကိုယ်စားပြုနေပါတယ်။ 

လက်ရှိအချိန်အထိတော့ ဂျပန်မှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ နှိုင်းယှဉ်လေ့လာကြည့်မယ်ဆိုရင် သေးငယ်နေသေးသလို ယင်းနိုင်ငံတဝန်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃,၇၀၀ ဦးခန့် ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required