စစ်ရာဇဝတ်မှုများအတွက် အတိုက်အခံခေါင်းဆောင်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် ကြိုးပေးကွက်မျက်

စစ်ရာဇဝတ်မှုများအတွက် အတိုက်အခံခေါင်းဆောင်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် ကြိုးပေးကွက်မျက်

နယူးဒေလီ၊ နိုဝင်ဘာ-၂၂ ။ ။ ၁၉၇၁ခုနှစ်က လွတ်လပ်ရေးစစ်ပွဲအတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် အတိုက်အခံခေါင်းဆောင်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်က သုတ်သင်ကွက်မျက်လိုက်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတော်ရဲတပ်ဖွဲ့ အကြီးအကဲ အေကေအမ် ရှာဟီဒူ ဟိုကွီ၏ အတည်ပြုပြောကြားချက်အရ Jamaat-e-Islami (JeI)ပါတီမှ ဝါရင့်နိုင်ငံရေးသမား အလီ အာရှန် မိုဟာမက် မူဂျာဟစ်နှင့် အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP)မှ ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် ဆာလောက်ဒင် ကွာဒါ ချောင်ဒူရီတို့နှစ်ဦးကို နိုဝင်ဘာ ၂၂ရက်နေ့ အစောပိုင်းက ဒါကာ ဗဟိုအကျဉ်းထောင်တွင် ကြိုးပေးကွက်မျက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICT)က ၂၀၁၃ခုနှစ်တွင် နှစ်ယောက်စလုံးကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး သေဒဏ်ချမှတ်ခဲ့ရာ နှစ်ယောက်စလုံးက အယူခံတင်ခဲ့သော်လည်း ရုံးတော်က ပယ်ချခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆတ်ဒူဇာမန်း ခန်း ကာမယ်က နောက်ဆုံးအခွင့်အရေးဖြစ်သည့် သမ္မတ၏ သက်ညှာခွင့်ကိုလည်း ပယ်ချလိုက်ပြီဖြစ်ကြောင်း ကြေညာအပြီး၊ မိသားစုဝင်များက အကျဉ်းသားနှစ်ယောက်ကို တွေ့ဆုံအပြီး နာရီပိုင်းအကြာတွင် ကွက်မျက်လိုက်ခြင်းပင် ဖြစ်သည်။

JEI ပါတီက မူဂျာဟစ်မှာ နိုင်ငံအတွင်း အတိုက်အခံအင်အားစုများကို ဖယ်ရှားရန်ရည်ရွယ်သည့် အရုပ်ဆိုးအကျည်းတန်လှသော တရားခွင်၏ သားကောင်ဖြစ်ခဲ့ရသည်ဟု ပြောကြားကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်မှောက်ကြရန် တိုက်တွန်းလိုက်သည်။ BNPခေါင်းဆောင်သည့် အတိုက်အခံ မဟာမိတ်အဖွဲ့ကို ထောက်ခံသူများက အကြမ်းဖက်လာပြီး မတည်မငြိမ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် အစိုးရက အကျဉ်းသားနှစ်ယောက်ကို မကွက်မျက်မီ နာရီပိုင်းအလိုကတည်းက နိုင်ငံအဝန်းတွင် လုံခြုံရေး တိုးမြှင့်ထားခဲ့သည်။

မူဂျာဟစ် (၆၇နှစ်)နှင့် ချောင်ဒူရီ (၆၆နှစ်)တို့နှစ်ဦးကို ကြိုးပေးကွက်မျက်ပြီး မကြာမီတွင် ရုပ်အလောင်းများကို မြှုပ်နှံရန်အတွက် ဆွေမျိုးများထံသို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။

မူဂျာဟစ်မှာ JEIပါတီဒ၏ ဒုတိယအဆင့်အမြင့်ဆုံး ခေါင်းဆောင်ဖြစ်ပြီး ၁၉၇၁ ပါကစ္စတန်ထံမှ လွတ်လပ်ရေးစစ်ပွဲ အတွင်း ထိပ်တန်းပညာတတ်များကို သတ်ဖြတ်မှုအတွက် သေဒဏ်အပေးခံရသူဖြစ်ပြီး ၆ကြိမ် အရွေးခံရသည့် လွှတ်တော်အမတ်နှင့် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီရာ၏ အကြီးတန်းအကြံပေးလည်းဖြစ်သည့် ချောင်ဒရီမှာမူ မျိုးတုံးသတ်ဖြတ်မှုများနှင့် အခြားသတ်ဖြတ်မှုများတွင် တစ်ခန်းတစ်ကဏ္ဍ ပါဝင်ခဲ့သည့်အတွက် သေဒဏ် အပေးခံရသူဖြစ်သည်။

၂၀၁၀ခုနှစ်တွင် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ၏ အစိုးရက ဖွဲ့စည်းထူထောင်ခဲ့သည့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICT)က စစ်ရာဇဝတ်မှုများဖြင့် အတိုက်အခံခေါင်းဆောင် တစ်ဒါဇင်ကျော်ခန့်ကို တရားစွဲဆိုထားရာ ယင်းတို့အနက် ၄ယောက်ကို ကြိုးပေးကွက်မျက်ခဲ့ပြီဖြစ်သည်။

ခုံရုံး၏ တရားခွင်များကို ကမ္ဘာနှင့်အဝန်း လူ့အခွင့်အရေးနှင့် ဥပဒေအခွင့်အရေး အုပ်စုများက လုပ်ထုံးလုပ်နည်းများမှာ နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီဟု ပြောကြားကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ 

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags