ထရမ့်က ပြန်လည်ရင်ကြားစေ့ရေးအတွက် တိုက်တွန်းလိုက်ပြီး ချောမွေ့တဲ့အာဏာလွှဲပြောင်းမှု ဖြစ်စေမယ်လို့ ကတိပြု 

ထရမ့်က ပြန်လည်ရင်ကြားစေ့ရေးအတွက် တိုက်တွန်းလိုက်ပြီး ချောမွေ့တဲ့အာဏာလွှဲပြောင်းမှု ဖြစ်စေမယ်လို့ ကတိပြု 
Photo - AFP

ဇန်နဝါရီ ၈ 

အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ မကြုံစဖူး ပြင်းထန်ကြမ်းတမ်းတဲ့ မြင်ကွင်းတွေ မြင်တွေ့ခဲ့ရပြီးနောက်မှာ ပြန်လည်ကုစားမှုနဲ့ ပြန်လည်ရင်ကြားစေ့မှုတွေ ဖြစ်စေဖို့အတွက် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၇ ရက်မှာ ပန်ကြားခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ထံ အာဏာလွှဲပြောင်းမှုကို ချောချောမွေ့မွေ့နဲ့ ဖြစ်စေဖို့အတွက်ကိုလည်း ၎င်းက ကတိပြုသွားခဲ့ပါတယ်။ 

ဇန်နဝါရီ ၆ ရက်က ဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲ အနိုင်ရမှုကို လွှတ်တော်အမတ်တွေ အတည်ပြုဖို့ လုပ်နေခဲ့ချိန် ကွန်ဂရက်လွှတ်တော်အဆောက်အအုံထဲ ထရမ့် ထောက်ခံလိုလားသူတွေ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တင်းမာမှုတွေ တည်ငြိမ်စေဖို့ ရည်ရွယ်တဲ့ ဗီဒီယို မက်ဆေ့ချ်တစ်ခုမှာ ထရမ့်က အမေရိကန်အစိုးရ အခြေစိုက်ရာ နေရာမှာ ရဲ ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တဲ့ ပဋိပက္ခတွေအပေါ် နာကြည်းတုန်လှုပ်ကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။ 

“အစိုးရသစ်တစ်ရပ်က ဇန်နဝါရီ ၂၀ ရက်မှာ ရာထူးလက်ခံသွားမှာဖြစ်ပါတယ်၊ ကျွန်တော် ခုချိန်မှာ အာရုံစိုက်နေတာက ချောမွေ့ပြီး စနစ်တကျ ရှိတဲ့ အာဏာလွှဲပြောင်းမှုတစ်ခု ဖြစ်စေဖို့ပါပဲ၊ ဒီအခိုက်အတန့်မှာ ကုစားမှုနဲ့၊ ရင်ကြားစေ့မှုတို့အတွက် တောင်းဆိုပါတယ်” လို့ ထရမ့်က ပြောခဲ့ပါတယ်။ 

၎င်းအပေါ်ထောက်ခံသူတွေဟာ ဇန်နဝါရီ ၆ ရက်က လွှတ်တော်အဆောက်အအုံထဲ ဝင်ရောက်စီးနင်းခဲ့လို့ ဥပဒေပြုအမတ်တွေ လုံခြုံရေးအတွက် ကမန်းကတန်း အကာအကွယ်ယူရတာတွေကို ဖြစ်စေခဲ့တဲ့နောက်ပိုင်း ၎င်းကို ရာထူးကနေ ဖယ်ရှားဖို့အထိ တောင်းဆိုမှုတွေ တိုးလာနေခဲ့ပြီးနောက် ထရမ့်က ဒီဗီဒီယိုကို ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ 

ထရမ့်ရဲ့ မိန့်ခွန်းတစ်ခုရဲ့ တိုက်တွန်းသွေးထိုးမှုနဲ့အတူ အလံဝှေ့ယမ်းနေခဲ့တဲ့ လူအုပ်တစ်ခုဟာ အတားအဆီးအကာအရံတွေကို ချိုးဖျက်ပြီး လွှတ်တော်အဆောက်အအုံထဲ ဝင်ခဲ့ကာ ရုံးခန်းတွေထဲ ဝင်မွှေတာနဲ့ ပုံမှန်အားဖြင့် တည်ကြည်လေးနက်တဲ့ လွှတ်တော်ခန်းမထဲ ဝင်ခဲ့ကြပါတယ်။ 

ယင်းနောက် လွှတ်တော်အဆောက်အအုံကို ရှင်းလင်းဖို့ လေးနာရီကြာ လုပ်ငန်းစဉ်တစ်ရပ်အတွင်း လုံခြုံရေးတာဝန်ရှိသူတွေက မျက်ရည်ယိုဓာတ်ငွေ့နဲ့ ပစ်ခတ်မှုတွေကို လုပ်ခဲ့ပါတယ်။ တောင်ကယ်ရိုလိုင်းနားက ထရမ့် ဘက်တော်သားတစ်ဦးဖြစ်တယ်လို့ ဆိုတဲ့ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သလို အခြားလူသုံးဦးလည်း မရှင်းလင်းတဲ့ အခြေအနေတွေအောက်မှာ သေဆုံးခဲ့ပါတယ်။ 

ယင်းနောက်ပိုင်း ထရမ့်က ဆိုရှယ်မီဒီယာပေါ် တက်ပြီးတော့ ရွေးကောက်ပွဲ မသမာမှုနဲ့ပတ်သက်လို့ ယခင်က ၎င်းပြောထားခဲ့တဲ့ မှားယွင်းတဲ့ ပြောဆိုချက်တွေကို ထပ်ပြောခဲ့ရင်း အခြေအနေအပေါ် တုံ့ပြန်ခဲ့တဲ့အတွက် နာကြည်းမှုတွေကိုဖြစ်စေခဲ့ပြီး အဓိက ဆိုရှယ်မီဒီယာပလက်ဖောင်းတွေအားလုံးဆီက ဆိုင်းငံ့မှုတွေကိုလည်း ဖြစ်စေခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဇန်နဝါရီ ၇ ရက်မှာ ထရမ့်က စက္ကန့် ၁၆၀ ပါ ဒုတိယမြောက်ဗီဒီယိုထဲမှာ ပိုပြီး ပြေငြိမ်းစေလိုတဲ့ လေသံနဲ့ ပြောခဲ့ပြီး ၎င်းရဲ့ တစ်ခုတည်းသော သမ္မတရာထူးသက်တမ်းဟာ ဘဝမှ ဂုဏ်ယူစရာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ထရမ့်ဟာ ဇန်နဝါရီ ၆ ရက်က ဖြစ်ပေါ်ခဲ့တဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ အခြေအနေတွေအပေါ် ပြတ်သားတဲ့ စွပ်စွဲရှုတ်ချမှုကို ထုတ်ဖော်သွားခဲ့ပြီး အမျက်ဒေါသစိတ်တွေကို ချုပ်ငြိမ်းအောင် လုပ်ရမှာဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုတွေ ပြန်လည်ဖြစ်စေရမယ်လို့ ပြောသွားပါတယ်။ 

“ကွန်ဂရက်လွှတ်တော် အဆောက်အအုံထဲ ဝင်ရောက်ခဲ့တဲ့ ဆန္ဒပြသူတွေဟာ အမေရိကန်ဒီမိုကရေစီရဲ့ အခြေစိုက်ရာနေရာကို ညစ်ညမ်းစေခဲ့ပါတယ်၊ ဒီလိုမျိုး ပြင်းထန်ကြမ်းတမ်းပြီး ပျက်စီးစေမှု လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို ပြောချင်တာက ခင်ဗျားတို့ဟာ ကျွန်တော်တို့ နိုင်ငံကို ကိုယ်စားမပြုပါဘူး၊ ပြီးတော့ ဥပဒေကို ချိုးဖောက်ခဲ့သူတွေအနေနဲ့လည်း ပြန်လည်ပေးဆပ်သွားရမှာဖြစ်ပါတယ်” လို့ ထရမ့်က ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required