အကျိုးသက်ရောက်မှု အတိအကျမသိနိုင်ခြင်းကြောင့် ကိုဗစ်၁၉ကာကွယ်ဆေးကိုအားမကိုးရန် ဒေါက်တာမြင့်ထွေးပြော

အကျိုးသက်ရောက်မှု အတိအကျမသိနိုင်ခြင်းကြောင့် ကိုဗစ်၁၉ကာကွယ်ဆေးကိုအားမကိုးရန် ဒေါက်တာမြင့်ထွေးပြော

ဇန်နဝါရီ ၇ရက်

ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး၏အကျိုးသက်ရောက်မှုကို တိကျစွာမသိရခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းကာကွယ်ဆေးကိုအားမကိုးရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်သည်။

ဇန်နဝါရီ ၆ရက်နေ့ ညပိုင်းက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက်နေကြသည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ အနုပညာရှင်များနှင့် အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီကိုဗစ်က ခုနကပြောသလို နေသွားရမှာပဲ။ ဒီ vaccine ထွက်ရင်လည်း ထိုးတယ်။ vaccine က တစ်နှစ်တစ်ခါထိုးရမလား နှစ်နှစ် တစ်ခါထိုးရမလား ဘယ်သူမှမသိသေးဘူး အခုအခြေအနေက။ ထိုးပြီးတော့ antibodies level တက်တယ်။ ဗြုန်းခနဲတက်ပြီး ဗြုန်းခနဲ့ကျမှာလား။ ဘယ်သူမှအသေအချာမသိသေးဘူး။ ဒါတွေက ဘယ်လိုအချိန်မှသိမလဲ တစ်နှစ်ထိုးပြီးတဲ့အခါကျတော့ ခြောက်လ တစ်နှစ်ကြာတဲ့အခါမှာ ဘယ်လောက်ဖြစ််မလဲဆိုတာ ဘယ်သူမှမသိသေးဘူး။ သို့သော်လည်း ကျွန်တော်တို့ထိုးရမယ်။ တတ်နိုင်သမျှ အမြန်ဆုံးလုပ်ဖို့ရှိပါတယ်။ သို့သော်လည်း ဒီ vaccine ကိုပဲ အားမကိုးစေချင်ပါဘူး။ အခုလုပ်နေတဲ့ ဆောင်ရန်ရှောင်ရန် ကိစ္စတွေသည် Vaccine ထိုးသကဲ့သို့ အကျိုးရှိပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ထိုသို့ ကိုဗစ်ရောဂါသည် ရာသီတုပ်ကွေးကဲ့သို့ရှိနေမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်များကို လိုက်နာစေချင်ကြောင်း နှင့် ကူးစက်မှု ရပ်သွားရန်မှာ ပြည်သူများပူးပေါင်းပါဝင်မှုအပေါ် မူတည်ကြောင်း ဒေါက်တာမြင့်ထွေးက ပြောသည်။

ထို့​ပြင် ကိုဗစ်-၁၉ရောဂါသည် ကူးစက်ခံရပြီး ပြန်ကောင်းသွားပါက နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများရှိသည့်အတွက် အလွန်ကြောက်စရာကောင်းသည်ဟု ဒေါက်တာမြင့်ထွေးက ၄င်းအွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေးရာ၌ ထည့်သွင်းပြောကြား
သည်။

“ဒီရောဂါကို ကျွန်တော်တို့လျှော့တွက်လို့မရတာ သူ့မှာ specific treatment မရှိဘူး။ ဒါဖြစ်ရင် ဒါပေးလို့မရဘူး။ ဥပမာ တိုက်ဖိုက်ဖြစ်ရင် ဘာရှိရင် ဘာပေးလို့ရတယ်။ နှလုံးရောဂါ ဒါဖြစ်ရင် ဒီဆေးပေးလို့ရတယ်။ သူ့မှာ specific treatment မရှိဘူး။ နောက်တစ်ခုက ဒီရောဂါက ပြီးပြည့်စုံမကောင်းဘူး။ ရေရှည်မှာ အဆုတ်ကလုံးဝအားပျော့သွားလိမ့်မယ်။ နှလုံးရောဂါဖြစ်နိုင်တယ်။ နှလုံးခုန်နှုန်းမမှန်ဘူး။ သွေးခဲမယ်။ လေဖြတ်မယ်” ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှလည်း အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် စာချုပ်ချုပ်ဆိုထားပြီဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် ကိုဗစ်ကာကွယ်ဆေးအား ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁ရက်နေ့က နိုင်ငံတကာနှစ်သစ်ကူး အထိမ်းအမှတ် အခါသမယတွင် ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၂၅ဝ ကျော်ကို အစိုးရက ထည့်ဝင်ထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်နေ့ညတွင် ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီမှ ကာကွယ်ဆေးဝယ်ယူရေး ရန်ပုံငွေဘဏ်စာရင်းကို နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားပြီး နိုင်ငံခြားငွေစာရင်းတွင် အမေရိကန်ဒေါ်လာသန်း ၂၅ဝ၊ မြန်မာငွေစာရင်းတွင် ကျပ်သန်း ၁ဝဝဝ ကို နိုင်ငံတော်အစိုးရက မတည်ငွေအဖြစ် စတင်ထည့်သွင်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင်လည်း ကိုဗစ်ကာကွယ်ဆေးရရှိရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ်ဆေးရောင်းချမည့် နိုင်ငံအချို့နှင့် ဆွေးနွေးညှိနှိုင်းကာ ဝယ်ယူရန် လုပ်ဆောင်နေပြီး ဝင်ငွေနည်းနှင့် ဝင်ငွေ အလယ်အလတ် ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ၉၂ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အခြား ချမ်းသာသည့် နိုင်ငံများနည်းတူ မျှတစွာ ရရှိစေရန် စီမံထားသည့် COVAX Facility အစီအစဉ်တွင် မြန်မာနိုင်ငံသည်လည်း ပါဝင်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ရောဂါဖြစ်ပွားနှုန်းသည် လူဦးရေးတစ်သန်းတွင် ၂၃၀၀ကျော် ဖြစ်ပွားနေပြီး ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက မြန်မာ့နိုင်ငံ၏ အထက်တွင် ၁၄၁ နိုင်ငံရှိကြောင်း သိရသည်။

ထို့​ကြောင့် ကျန်းမာရေးဝန်ကြီးဌာနနှင့်တာဝန်ရှိသူများမူ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမှာ ကျဆင်းနေသော်လည်း ပြည်သူလူထုအနေဖြင့် မပေါ့ဆသင့်ကြောင်း ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required