ထရမ့်ထောက်ခံသူများက လွှတ်တော်အဆောက်အအုံကို ဝင်စီးခဲ့မှုအပေါ် တုန်လှုပ်အံ့သြကြောင်း ကမ္ဘာ့ခေါင်းဆောင်များ ပြော

ထရမ့်ထောက်ခံသူများက လွှတ်တော်အဆောက်အအုံကို ဝင်စီးခဲ့မှုအပေါ် တုန်လှုပ်အံ့သြကြောင်း ကမ္ဘာ့ခေါင်းဆောင်များ ပြော

ဇန်နဝါရီ ၇ ၊ ၂၀၂၁

ဂျိုးဘိုင်ဒင် အနိုင်ရခဲ့သည့် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်စေရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား ထောက်ခံလိုလားသူများက ဇန်နဝါရီ ၆ ရက်တွင် ကွန်ဂရက်အမတ်များ တွေ့ဆုံစည်းဝေးနေသည့် လွှတ်တော်အဆောက်အအုံထဲ ဝင်ရောက်စီးနင်းခဲ့မှုအပေါ် အံ့သြတုန်လှုပ်မိကြောင်း ကမ္ဘာ့ခေါင်းဆောင်များက ထုတ်ဖော်ခဲ့ကြသည်။ အောက်ပါတို့သည် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များ၏ တုံ့ပြန်မှုများ ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် အမေရိကန် လွှတ်တော်အဆောက်အအုံထဲမှ ဖြစ်စဉ်များနှင့်ပတ်သက်၍ ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အဲဒီလိုမျိုး အခြေအနေမျိုးမှာဆိုရင် နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ သူတို့အပေါ် ထောက်ခံသူတွေကို အကြမ်းဖက်မှုကနေ ရှောင်လွဲနိုင်ဖို့နဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေနဲ့ ဥပဒေစိုးမိုးမှုကို လေးစားလိုက်နာဖို့ လိုတယ်ဆိုတာကို လှုံ့ဆော်တိုက်တွန်းဖို့ အရေးကြီးပါတယ်”  ဟု ကုလပြောရေးဆိုခွင့်ရှိသူ စတီဖာနီ ဒူဂျာရစ်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သွားခဲ့သည်။

တရုတ်

၀ါရှင်တန်ဒီစီတွင် နယ်ခံအစိုးရက ကာဖျူးအမိန့်တစ်ရပ် ကြေညာခဲ့မှုနှင့် အရွယ်အစားကြီး ဆန္ဒပြပွဲတစ်ခု ပေါ်ပေါက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသားများ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများ အထူးကြပ်မတ်ကြရေး သတိပေးရင်း တရုတ်သံရုံးက ဇန်နဝါရီ ၆ ရက်တွင် ယင်း၏ ဝက်ဘ်ဆိုဒ်တွင် အကြံပြုချက်တစ်စောင် ထုတ်ခဲ့သည်။ 

အိန္ဒိယ

“ဝါရှင်တန်ဒီစီမှာ အဓိကရုဏ်းနဲ့ အကြမ်းဖက်မှု သတင်းတွေကို မြင်ရတဲ့အတွက် ပူပန်မိတယ်” ဟု အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက တွစ်တာတွင် ရေးသား ပြောဆိုခဲ့သည်။ “စနစ်တကျရှိပြီး ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှုကို ဆက်လုပ်ရမှာဖြစ်တယ်၊ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ဥပဒေနဲ့မညီတဲ့ ဆန္ဒပြမှုတွေကနေတဆင့် ဖြိုဖျက်ခံခွင့် ပေးလို့မရနိုင်ပါဘူး” ဟု မိုဒီက ပြောခဲ့သည်။

ဂျပန်

“သမ္မတ ထရမ့်ရဲ့ နိုင်ငံရေး စတိုင်နဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ ကျွန်တော်တို့ ငြင်းဆန်လိုပါတယ်၊ ဒါက အမေရိကန်ရဲ့ ပြည်တွင်းရေးကိစ္စ ဖြစ်ပါတယ်၊ ဒါပေမယ့် အမေရိကန်ရဲ့ ဒီမိုကရေစီဟာ ဒီ ခက်ခဲတဲ့ အခြေအနေကို ကျော်လွှားသွားနိုင်ဖို့၊ တည်ငြိမ်မှုနဲ့ သဟဇာတဖြစ်မှု ပြန်လည်ရရှိဖို့နဲ့ ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းကျတဲ့ အာဏာလွှဲပြောင်းမှုတစ်ရပ်တို့ကို မြင်ရဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဂျပန် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ကက်ဆူနိုဘို ကာတိုက သတင်းထောက်များကို ပြောသည်။

အစ္စရေး

“လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကျွန်တော်တို့ရဲ့ ကြီးကျယ်စစ်မှန်တဲ့ မိတ်ဆွေနိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ ဒီမိုကရေစီရဲ့ သရုပ်သကန်တစ်ခု ဖြစ်ခဲ့သလို လွတ်မြောက်မှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှုတို့ရဲ့ တန်ဖိုးတွေအတွက် ရပ်တည်ခဲ့တာဖြစ်ပါတယ်၊ အမေရိကန် ပြည်သူတွေနဲ့ သူတို့ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာလည်း ဒီ တိုက်ခိုက်မှုကို ဘယ်လို ခုခံကာကွယ်သွားရမလဲ ဆိုတာနဲ့ အမေရိကန် အခြေတည်ထားတဲ့ တန်ဖိုးတွေကို ဘယ်လို ဆက်ပြီး ကာကွယ်သွားရမလဲ ဆိုတာတို့ကို သိလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂါဘီ အက်ရ်ကန်နာဇီက တွစ်တာကနေတဆင့် ပြောခဲ့သည်။

ပြင်သစ်

“ဒီနေ့ ဝါရှင်တန်မှာ ဖြစ်ခဲ့တာတွေက အမေရိကန် မဟုတ်ပါဘူး၊ သေချာပါတယ်” ဟု ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်က တွစ်တာပေါ် တင်ခဲ့သည့် ဗီဒီယိုမက်ဆေ့ခ်ျတစ်ခုတွင် ပြောသည်။

“ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ စွမ်းအားတွေအပေါ်မှာ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ အမေရိကန် ဒီမိုကရေစီရဲ့ စွမ်းအားအပေါ်မှာလည်း ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ယူကေ

အမေရိကန်ကွန်ဂရက်က ဖြစ်စဉ်များသည် အရှက်ရစရာ ဖြစ်စဉ်များဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တွစ်တာတွင် ပြောခဲ့ပြီး အမေရိကန်သည် ကမ္ဘာတစ်ဝန်း ဒီမိုကရေစီအတွက် ရပ်တည်ခဲ့သည်ဖြစ်သည့်အတွက် ယခုအချိန်တွင် ငြိမ်းချမ်းပြီး စနစ်တကျရှိသော အာဏာလွှဲပြောင်းမှု ဖြစ်ရန် အရေးကြီးကြောင်း ပြောခဲ့သည်။

ဂျာမနီ

အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အအုံရှိ မြင်ကွင်းများက ဒီမိုကရေစီ၏ ရန်သူများကို အားပေးနေလိမ့်မည်ဖြစ်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဟိုင်ကို မတ်စ်က ပြောခဲ့သည်။ ထို့ပြင် အမေရိကန် မဲဆန္ဒရှင်များ၏ ဆုံးဖြတ်ချက်ကို လက်ခံရန် ထရမ့်ကိုလည်း ၎င်းက တိုက်တွန်းခဲ့သည်။

လှုံ့ဆော်ရာ ရောက်သော အာဝဇ္ဇန်းကြောင့် အကြမ်းဖက်မှုကို ဖြစ်စေခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ထရမ့်နဲ့ သူ့ကို ထောက်ခံသူတွေအနေနဲ့ အမေရိကန်မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို နောက်ဆုံးမှာ လက်ခံရပါလိမ့်မယ်၊ ပြီးတော့ ဒီမိုကရေစီအပေါ် နင်းခြေစော်ကားမှုကို ရပ်ဆိုင်းရပါလိမ့်မယ်” ဟု ၎င်းက ပြောခဲ့သည်။

ရုရှား

“Maidan တော်လှန်ရေး ပုံစံ ပုံရိပ်တွေ ဒီစီ (DC) ကနေ ပေါ်လာနေပါတယ်” ဟု ကုလဆိုင်ရာ ရုရှား ဒုသံအမတ်ကြီး ဒီမစ်ထရီ ပိုလီယန်စကီးက တွစ်တာတွင်ရေးခဲ့သည်။ ၂၀၁၄ ခုနှစ်က ရုရှားကျောထောက်နောက်ခံ ယူကရိန်းသမ္မတ ဗစ်တာ ယာနူကိုဗစ်ဖြုတ်ချခံရသည့် ဆန္ဒပြပွဲများကို ရည်ညွန်းပြောဆိုသွားခြင်း ဖြစ်သည်။

“ဗစ်တိုးရီးယား နူလန်း လုပ်ခဲ့တဲ့အတိုင်း လိုက်လုပ်ဖို့ တစ်ယောက်ယောက်က ဆန္ဒပြသူတွေကို မုန့်တွေဝေပေးမှာလား ဆိုပြီး ကျွန်တော်သူငယ်ချင်းတစ်ချို့ကတောင် မေးခဲ့ပါသေးတယ်” ဟု ၎င်းက အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဗစ်တိုးရီးယား နူလန်း ၂၀၁၃ ခုနှစ် ယူကရိန်းခရီးစဉ်အတွင်း ဆန္ဒပြသူများကို အစားအသောက်များ ပေးခဲ့မှုကို ရည်ညွန်းပြောသွားခဲ့သည်။

နေတိုး

ဝါရှင်တန်ရှိ အကြမ်းဖက် ဆန္ဒပြမှုများသည် “တုန်လှုပ်ဖွယ် မြင်ကွင်းများ” ဖြစ်ကြောင်း နေတိုး (NATO) အဖွဲ့ အထွေထွေ အတွင်းရေးမှူး ယန်း စတိုလ်တန်ဘာ့ဂ်က  ပြောခဲ့ပြီး ဒီမိုကရေစီနည်းကျသော အမေရိကန်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ရလဒ်ကို လေးစားရလိမ့်မည်ဟု ပြောခဲ့သည်။

ဥရောပသမဂ္ဂ

ဝါရှင်တန်ရှိ မြင်ကွင်းများအပေါ် တုန်လှုပ်မိကြောင်း ဥရောပကောင်စီဥက္ကဋ္ဌချားလ် မစ်ချယ်လ်က တွစ်တာတွင် ရေးခဲ့သည်။ “အမေရိကန် ကွန်ဂရက်က ဒီမိုကရေစီရဲ့ အထွတ်ထိပ်နေရာတစ်ခုဖြစ်ပါတယ်၊ ဂျိုးဘိုင်ဒင်ဆီ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပေးမှုကို အမေရိကန်မှာ သေချာလုပ်နိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အလားတူ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်ကလည်း “ အမေရိကန် ထုံးတမ်းဓလေ့တွေနဲ့ ဒီမိုကရေစီရဲ့ စွမ်းအားအပေါ် ကျွန်မ ယုံကြည်ပါတယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းမှုက အဓိကကျပါတယ်၊ ဂျိုးဘိုင်ဒင်ဟာ ရွေးကောက်ပွဲမှာ နိုင်ခဲ့တာပါ၊ အမေရိကန်ရဲ့ နောက်တက်လာမယ့် သမ္မတတစ်ဦးအဖြစ် သူနဲ့ အတူ လက်တွဲလုပ်ဆောင်ဖို့ ကျွန်မ မျှော်လင့်စောင့်ဆိုင်းနေပါတယ်” ဟု ပြောသွားခဲ့သည်။

ကနေဒါ

ဝါရှင်တန်ရှိ ဖြစ်ရပ်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ထုတ်ဖော်ခဲ့သည်။ “ကျွန်တော်တို့ ဒီအခြေအနေအပေါ် ပူပန်မိပါတယ်၊ အခြေအနေကို ဆက်ပြီး သေချာ စောင့်ကြည့်နေပါတယ်၊ အမေရိကန် ဒီမိုကရေစီ အဖွဲ့အစည်းတွေဟာ အားကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်၊ အရာရာတိုင်းဟာ အချိန်တိုအတွင်း ပုံမှန်ဖြစ်ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ထရူးဒိုးက ပြောသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required