တနင်္သာရီမြို့၌ နေအိမ် ဆောက်ရန် မြေတူးရာမှ ရှေးဟောင်း ငွေဒင်္ဂါးပြား ၁၇၂ ပြား တွေ့ရှိ

တနင်္သာရီမြို့၌ နေအိမ် ဆောက်ရန် မြေတူးရာမှ ရှေးဟောင်း ငွေဒင်္ဂါးပြား ၁၇၂ ပြား တွေ့ရှိ
ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

တနင်္သာရီ၊ ဇန်နဝါရီ ၇

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ချောင်းငယ်ရပ်ကွက်တွင် ဇန်နဝါရီလ ၆ ရက်နေ့က နေအိမ် အဟောင်းအား ဖြိုဖျက်၍ အသစ် ဆောက်လုပ်ရန် မြေတူးရာမှစဉ့်အိုးဖြင့် ထည့်ထားသည့် ရှေးဟောင်း ငွေဒင်္ဂါးပြား ၁၇၂ ပြားကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

တနင်္သာရီမြို့ စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက“အခုတွေ့ရှိတဲ့ ငွေဒင်္ဂါးပြားတွေနဲ့ တနင်္သာရီ ယဉ်ကျေးမှု အမွေ အနှစ်နဲ့တော့ ဆက်စပ်မှု မရှိပါဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ အရင်ခေတ်က နေအိမ်တွေ ဆောက်လုပ်တဲ့ အခါမှာ အိမ်ဦး တိုင်အောက်ခြေတွေမှာ မြှုပ်နှံတဲ့ အလေ့ အထတွေကြောင့် တွေ့ရှိတာ ဖြစိလိမ့်မယ်”ဟု ပြောဆို သည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

တူးဖော်တွေ့ရှိသည့် ငွေဒင်္ဂါးပြား စုစုပေါင်း ၁၇၂ ပြား၏ အလေးချိန်မှာ (၉၂ ဒသမ ၇၅) ကျပ်သားခန့် ဖြစ်ပြီး အဆိုပါ ငွေဒင်္ဂါးပြားများအား တနင်္သာရီမြို့၊ ဦးသီဟအေး၏ မိခင်ဖြစ်သူ ဒေါ်သောင်းရီ၏ နေအိမ်၌ လက်ရှိတွင် ဆက်လက် ထိန်းသိမ်းထားကြောင်း သိရ သည်။

လက်ရှိတွင် အဆိုပါ ငွေ ဒင်္ဂါးပြားများ တွေ့ရှိမှုအား တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က တိုင်းဒေသကြီး ရှေးဟောင်း သုတေသန ဦးစီးဌာနသို့ ဆက်လက် တင်ပြ သွားမည်ဟု ပြောဆိုထား သည်။

သတင်းနှင့် သတင်းပုံ - ဒီမိုးသွေး (မြိတ်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly