အမေရိကန်လွှတ်တော်အဆောက်အအုံထဲ ထရမ့်လိုလားတဲ့လူအုပ်က ဝင်စီးခဲ့ 

အမေရိကန်လွှတ်တော်အဆောက်အအုံထဲ ထရမ့်လိုလားတဲ့လူအုပ်က ဝင်စီးခဲ့ 
Photo: AFP

ဇန်နဝါရီ ၇ 

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲ အနိုင်ရမှုကို အတည်ပြုဖို့ ဇန်နဝါရီ ၆ ရက်က ကျင်းပခဲ့တဲ့ ကွန်ဂရက်လွှတ်တော် အစည်းအဝေးတစ်ရပ်ကို သမ္မတဒေါ်နယ်ထရမ့် ထောက်ခံလိုလားသူတွေက ဝင်ရောက်စီးနင်းခဲ့ကြတဲ့အတွက် အမေရိကန်ဒီမိုကရေစီရဲ့ အချက်အချာနေရာမှာ မကြုံစဖူး တရားဉပဒမေ့တဲ့ လုပ်ရပ်ကို  ဖြစ်ပေါ်စေခဲ့ပါတယ်။ 

ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ဖို့ ကြိုးပမ်းနေတဲ့ ထရမ့်ရဲ့ သာမန်ထက် လွန်ကဲတဲ့ လူထုစည်းဝေးပွဲတစ်ခုအပြီး သိပ်မကြာခင်မှာပဲ အလံတွေ ဝှေ့ယမ်းကိုင်ထားကြတဲ့ လူအုပ်တစ်စုဟာ လွှတ်တော်အဆောက်အအုံ အပြင်ဘက်က အတားအဆီး အကာအရံတွေကို ချိုးဖျက်ပြီး အဆောက်အအုံထဲ အတင်းဝင်ရောက်ခဲ့ကြကာ ရုံးခန်းတွေထဲ ဝင်မွှေပြီး ပုံမှန်အားဖြင့် တည်ကြည်လေးနက်တဲ့ ဥပဒေပြုလွှတ်တော်အစည်းအဝေးခန်းမထဲကို ဝင်ခဲ့ကြပါတယ်။ 
လွှတ်တော်အဆောက်အအုံထဲ ပစ်ခတ်ခံရပြီးနောက် မရှင်းလင်းတဲ့ အခြေအနေတွေအောက်မှာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လူအချို့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လွှတ်တော်အမတ်တွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး အကာအကွယ် မျက်နှာဖုံးတွေ ပေးခဲ့ကာ ရဲတွေက ဆန္ဒပြလူအုပ်ကို မျက်ရည်ယိုဓာတ်ငွေ့နဲ့ ပစ်ခတ်ခဲ့ပါတယ်။ 

ဘေ့စ်ဘော ကစားသမားတွေ ဆောင်းတဲ့ ဦးထုပ်နဲ့အတူ ဂျင်းဘောင်းဘီဝတ် ထရမ့်လိုလားသူတစ်ဦးဟာ အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ စားပွဲမှာ ခြေထောက်တင်ပြီး ထိုင်နေခဲ့တာကို ဓာတ်ပုံတွေထဲမှာ တွေ့ခဲ့ရပြီး စားပွဲမှာ ခြိမ်းခြောက်စာတစ်စောင်ကိုလည်း ထားသွားခဲ့တယ်လို့ သိရပါတယ်။  

ဒီလိုမျိုး လွှတ်တော်အဆောက်အအုံထဲ လူအုပ်စု ဝင်ရောက်မှုက ဆူပူအုံကြွမှုတစ်ခုဖြစ်တယ်လို့ ရွေးကောက်ခံသမ္မတ ဘိုင်ဒင်က ပြစ်တင်သွားခဲ့ပြီး ထရမ့်ကိုလည်း ရုပ်မြင်သံကြားရှေ့ ချက်ချင်းထွက်ပြီး ၎င်းအပေါ်ထောက်ခံသူတွေ လွှတ်တော်ထဲ ဝင်စီးမှု ပြန်ရုပ်သိမ်းရေး တိုက်တွန်းဖို့ တောင်းဆိုခဲ့ပါတယ်။ 

“ကျွန်တော်တို့ရဲ့ ဒီမိုကရေစီဟာ မကြုံစဖူးတဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်၊ ဒီလိုမျိုး လွှတ်တော်အဆောက်အအုံထဲက ပရမ်းပတာ မြင်ကွင်းတွေက စစ်မှန်တဲ့ အမေရိကန်နိုင်ငံကို မထင်ဟပ်စေပါဘူး၊ ဒါက သဘောထားကွဲလွဲမှုမဟုတ်ပါဘူး၊ ဒါက ဆူပူမှုပါ၊ ဒါက ပရမ်းပတာ ဖြစ်မှုပါ၊ ဒါက နိုင်ငံတော် အကြည်ညိုပျက်စေမှု ဖြစ်လုနီးပါးအခြေအနေပါ၊ ဒါကို ခုချက်ချင်း ရပ်ဆိုင်းရပါမယ်” လို့ ဘိုင်ဒင်က ဒယ်လာဝဲပြည်နယ်ကနေ ပြောသွားခဲ့ပါတယ်။ 

ယင်းနောက် သိပ်မကြာခင် ထရမ့်ကလည်း ဗီဒီယိုတစ်ခု ထုတ်လွှင့်ခဲ့ပြီး အဲဒီ ဗီဒီယိုထဲမှာတော့ ၎င်းအပေါ် ထောက်ခံသူတွေလွှတ်တော်ထဲကနေ ထွက်ခွာကြဖို့ ပြောခဲ့ပေမယ့် ရွေးကောက်ပွဲမသမာမှုတွေရှိတယ်ဆိုတဲ့ ၎င်းရဲ့ အခြေအမြစ်မရှိ ပြောဆိုချက်တွေအတိုင်း ရပ်တည်ဖို့ ပြောခဲ့ပါတယ်။ 

“ကျုပ်တို့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရပါမယ်၊ ဒီတော့ အိမ်ပြန်ကြပါ၊ ကျုပ် ခင်ဗျားတို့ကိုချစ်ပါတယ်၊ ခင်ဗျားတို့ဟာ အထူးစပါးရှယ်ပါပဲ” လို့ ထရမ့်က ပြောခဲ့ပါတယ်။ 

ကြုံတောင့်ကြုံခဲ လုပ်ရပ်တစ်ခုအနေနဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီတွေက သမ္မတရဲ့ ဗီဒီယိုကို ကန့်သတ်တာ ဒါမှမဟုတ် ဖယ်ရှားတာကို လုပ်ခဲ့ကြပြီး အဲဒီဗီဒီယိုဟာ အကြမ်းဖက်ကို အားပေးရာ ရောက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ 

လေးနာရီလောက်ကြာပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆူပူမှုမှာ ပါဝင်သူတွေကို လွှတ်တော်အဆောက်အအုံထဲကနေ အောင်အောင်မြင်မြင်နဲ့ ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ထရမ့်လိုလားထောက်ခံသူ ရာနဲ့ချီတို့ဟာ ဝါရှင်တန်မြို့တော်ဝန် မြူရီယယ် ဘောင်ဆာ ထုတ်ပြန်တဲ့ ည ၆ နာရီ ကာဖျူးအမိန့်ကို ဖီဆန်ရင်းနဲ့ လွှတ်တော်အဆောက်အအုံအပြင်ဘက်မှာ ဆက်ရှိနေခဲ့ကြတယ်လို့ သိရပါတယ်။ 

လွှတ်တော် အဆောက်အအုံကို ထရမ့်လိုလားသူတွေ ဝင်စီးခဲ့မှုဖြစ်စဉ်ဖြစ်ပြီးနောက် သိပ်မကြာခင်မှာပဲ ကွန်ဂရက်လွှတ်တော်က ဂျိုးဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲနိုင်မှုအပေါ် အတည်ပြုမှု လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးကို ပြန်လည်စတင်ခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာလည်းပဲ သမ္မတဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ ရှုံးလို့ ဒေါသထွက်နေကြတဲ့ လူအုပ်စုက အမေရိကန်ကွန်ဂရက်အဆောက်အအုံကို ဝင်စီးမှုဖြစ်စဉ်အပေါ် အမေရိကန်ရဲ့ အဓိက ကော်ပိုရေးရှင်းကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းအုပ်စုတွေက ပြစ်တင်ဝေဖန်သွားခဲ့ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required